ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရုံးထုတ်
2019.04.30

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော်က တရားစွဲဆိုတာဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေအဖြစ် လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဒီကနေ့ တရားရုံးထုတ်မှာ ပြောလိုက်ပါတယ်။
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ တရားစွဲထားတာကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒီကနေ့ တရားရုံးထုတ်ခဲ့တာ တရားလွှတ်တော် ရှေ့နေ့ ဦးရောဘတ်စန်းအောင်က သတင်းမီဒီယာတွေကို ပြောလိုက်တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အဖျောက်မြို့မှာ ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာတွေကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် က ဒုတိယဗိုလ်မှူးကြီး တိုးလင်းက ဧပြီ ၃ ရက်နေ့က တရားလိုပြုလုပ် တရားစွဲထားတာပါ။
ဦးနေမျိုးဇင်အမှုမှာ တရားလိုပြသက်သေ ၅ ဦးတင်ထားပြီး တပ်မတော် အရာရှိတွေသာ ဖြစ်ပါတယ်။ တရားခံပြ သက်သေအဖြစ်တင်ဖို့ ဆောင်ရွက်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ တတိယအကြိမ်မြောက် ရုံးထုတ်ကိုလာမယ့် မေလ ၁၀ ရက်နေ့မှာ တိုက်ကြီးမြို့နယ် တရားရုံးမှာ ထပ်မံချိန်းဆိုထားပါတယ်။
အလားတူ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဦးဆောင်ကျင်းပနေတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကိုလည်း တပ်မတော်ကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ပုဒ်မ ၅၀၅ (က) တို့နဲ့ တပ်မတော်က အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲထားပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကိုလည်း ပုဒ်မ ၅၀၅ (က)တို့နဲ့ တရားစွဲဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။