ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်ဒဏ် တစ်နှစ်ချမှတ်
2019.09.20

နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်က အဖျောက်ကျေးရွာမှာ ဧပြီလ ၁ ရက်နေ့ကကျင်းပတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြောကြားချက်နဲ့ ပတ်သက်ပြီး စီရင်ချက် ချမှတ်လိုက်တာဖြစ်ပါတယ်။
တိုက်ကြီးမြို့က အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ တာတွေကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး တိုးလင်းက ဧပြီ ၃ ရက်နေ့က တရားလို ပြုလုပ် တရားစွဲခဲ့ပါတယ်။
ဒီနေ့ တရားရုံးချိန်း အမိန့်ချတဲ့နေ့မှာ ရဲဝန်ထမ်းလုံခြုံရေး အင်အားအများအပြားချထားတာကိုလည်း တွေ့ရပါတယ်။
ဧရာဝတီတိုင်း ဝါးခယ်မမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲနဲ့ ပတ်သက်ပြီး တပ်မတော်က ဦးနေမျိုးဇင်ကို တရားစွဲထားတဲ့အမှုကိုလည်း လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ အပြီးသတ်အမိန့် ချမှတ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြသည်)