နောင်ချိုမှာ တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် ဒေသခံနှစ်ထောင်ကျော် နေရပ်ပြန်မရသေး

RFA Burmese
2024.05.01
နောင်ချိုမှာ တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် ဒေသခံနှစ်ထောင်ကျော် နေရပ်ပြန်မရသေး နောင်ချိုမြို့ပေါ်သို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲမှာ တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ သရက်ကုန်း၊ ဇာလီ၊ ပါဟပ် စတဲ့ရွာသုံးရွာက ဒေသခံ နှစ်ထောင်ကျော် ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ နောင်ချိုမြို့ခံတွေက RFA ကို ပြောပါတယ်။

ဧပြီ ၁၅ ရက်နေ့က သရက်ကုန်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) က သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က သရက်ကုန်းစခန်းကိုပြန်ရဖို့ လေကြောင်းရော ကုန်းကြောင်းပါ နေ့စဥ် ထိုးစစ်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က Drop Bomb တွေ နေ့စဥ် ကြဲနေတာ။ သုံးရွာစလုံး မပျက်စီးတဲ့အိမ်ဆိုတာ မရှိတော့ဘူး။ တိုက်ပွဲတွေကလည်း ရွာပတ်ပတ်လည် တစ်ဝိုက်မှာ ဖြစ်နေတယ်။ သရက်ကုန်းကတော့ သူတို့ပစ်မှတ်ထားတဲ့ နေရာနဲ့နီးတော့ တော်တော်လေးကို ပျက်စီးသွားတယ်။ ဒေသခံတွေကတော့ နောင်ချိုဘက်က ဘုန်းကြီးကျောင်းတွေ၊ ရပ်ဆွေရပ်မျိုး အိမ်တွေမှာ နေကြတယ်”

လေကြောင်း ပစ်ခတ်မှုကြောင့် သရက်ကုန်း၊ ပါဟပ်ရွာနဲ့ ဇာလီရွာက ဘုန်းကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အဦတွေလည်း အကုန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေထဲ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးသူတွေ ပါနေတာကြောင့် ရာသီဥတု အခြေအနေအရ ကျန်းမာရေး စောင့်ရှောက်ဖို့ ဆေးဝါးပစ္စည်းတွေပါ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နဲ့ ဆယ်မိုင်နီးပါးသာ ဝေးတဲ့ သရက်ကုန်း အထိုင်ချစခန်းဟာ စစ်ရေးအတွက် အရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။