စစ်ကောင်စီက ပြည်သူတွေအထင်မှားအောင် ထုတ်ပြန်နေတယ်လို့ နွားထိုးကြီး PDF တုံ့ပြန်

2021.12.26
စစ်ကောင်စီက ပြည်သူတွေအထင်မှားအောင် ထုတ်ပြန်နေတယ်လို့ နွားထိုးကြီး PDF တုံ့ပြန် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ပုံကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပတ်ကူးရွာအနီး ဒီဇင်ဘာလ ၂၄ ရက်နေ့က ကိုဝေဖြိုးအောင်ဟာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာကို နွားထိုးကြီး မြို့နယ် PDF က အဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေ PDF တပ်ဖွဲ့ဝင်တွေအပေါ် အထင်မှားအောင် လိမ်ညာထုတ်ပြန်ထားတာလို့ နွားထိုးကြီးမြို့နယ် PDF တပ်ဖွဲ့ဝင် ကိုတွံတေး က ပြောပါတယ်။

"ကိုဝေဖြိုးအောင်က ကားသမားပါ။ ကာကွယ်ရေးတပ်ဖွဲ့က မဟုတ်ဘူး၊ အဲဒီကားမှာ အဲဒီနေ့က ဘာမှ မပါဘူး။ ဒါပေမဲ့ အဖမ်းခံလိုက်ရတော့ ပစ္စည်းသယ်တုန်းက သူကြားဖူးတဲ့နေရာတစ်ခုကို ဖော်လိုက်တယ်။ အဲဒီမှာ အသိမ်းခံလိုက်ရတာက ပစ္စည်းအနည်းငယ်ပါ။ မူးယစ်ဆေးဝါးလည်း မပါဘူး။ သေနတ်တွေလည်း မပါပါဘူး၊ စစ်ကောင်စီက လိမ်ညာပြီး ပြည်သူအထင်မှားအောင် ထုတ်ပြန်တာပေါ့"

ဒီဇင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်မှာ ယာဉ်မောင်း ဝေဖြိုးအောင် မောင်းနှင်လာတဲ့ ကားကိုစစ်ဆေးရာ လက်ပစ်ဗုံးမျိုးစုံ ၄၅ လုံး၊ AK 47 ကျည်ဆံ ၁၅၀၀၊ ကျည်အိမ် ၁၂ ခု၊ လျှပ်စစ် ဒီတိုနေတာ ၅၀၊ WY စာတမ်းပါ မူးယစ်ဆေးဝါး အပြား ၃၀၀ ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပက်ကူးရွာနဲ့ အဲဒီအနီးနားကရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးနေတဲ့သူတွေ ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၁ ရက်ကစပြီး နွားထိုးကြီးနယ်ဘက်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေပြီး PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အများအားဖြင့် PDF တွေဘက်က အင်အားမမျှတဲ့ အတွက် စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာ များတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်ကလည်း PDF စခန်းတစ်ခု ဖျက်စီးခံလိုက်ရပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အထက်ပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အောင်ရဲ
2021-12-28 10:29

မှန်ကန်သော သတင်းတွေကို နားထောင်ချင်လို့ပါ

ပို မရေးတတ်လို့ပါ..တခါမှမရေးဖူးပါ..စိတ်မရှိပါနဲ့

ကျတော်တို့ နိုင်ငံအတွက် အခုချိန်ဟာ အရမ်းကိုအရေးကြီးနေတဲ့အချိန်မို့ ပြည်သူတွေရဲ့အသံကို ကြားနိုင်ဖို့ပါ