ကာလုံအစည်းအဝေးလုပ်ပြီး အရေးပေါ်ကာလ သက်တမ်းထပ်တိုး
2023.07.31

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV က ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကြေညာပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ပိုတိုးလာပြီး လုံခြုံရေးထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် အရေးပေါ်ကာလ သက်တမ်းကို ထပ်တိုးပေးဖို့ တင်ပြခဲ့ပြီး ကာလုံအဖွဲ့ကလည်း နောက်ထပ်ခြောက်လ ထပ်တိုးဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းဌာနဖြစ်တဲ့ People Media ကလည်းက ဒီနေ့ ကာလုံအစည်းအဝေး ပြုလုပ်ပြီး အရေးပေါ်ကာလကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
အဲဒီ ဓာတ်ပုံတွေအရ ဒီနေ့ကာလုံ အစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ အတူ NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပါ တက်ရောက်တာ တွေ့ရပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေနဲ့ ပြည်တွင်းမီဒီယာတချို့မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ စစ်ကောင်စီက အရေးပေါ်ကာလကို ခြောက်လ ထပ်တိုးလိုက်ကြောင်း ဒီနေ့ ရေးသားဖော်ပြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ သမ္မတဦးဝင်းမြင့် အဖမ်းခံထားရပြီး၊ NLD ပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။