နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ


2014.08.10

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သဲချက်ကျေးရွာက ရွာသား ၆၀လောက်ဟာ ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးကောက်ခံထားတဲ့ ငွေကြေးစာရင်းနဲ့ ကုန်ကျစရိတ် စာရင်းကို ရှင်းပြပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ သဲချက်ကျေးရွာသား ကိုမိုးခိုင်က အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ သဲချက်ကျေးရွာအုပ်စုရဲ့ု ဖိနှိပ်ခံ ကျေးရွာသားများရဲ့ ဖိနှိပ်ခံရတဲ့အတွက်ပေါ့၊ ကျနော်တို့ လူထုရဲ့ဆန္ဒကို ထုတ်ဖော်တယ်ဆိုပြီးတော့  ရည်ရွယ်ပြီးတော့ အဲ့လိုပြောပြီးတော့ အဲ့လိုပြောတယ်ပေါ့၊ တစ်ဦးကို လေးသိန်းနှစ်သောင်းနဲ့ ကောက်လိုက်တာပေါ့ဗျာ၊ သိန်းတစ်ထောင့်လေးရာကျော် တစ်ထောင့်ငါးရာလောက်ရတယ်ပေါ့ဗျာ၊ အဲ့ဒီစာရင်းဇယားတွေကို ကျနော်တို့က ရှင်းခိုင်းတော့ လူထုက ရှင်းခိုင်းတော့ ပထမစာရင်းများထွက်လာတာပေါ့ဗျာ၊ စာရင်းများ မကျေနပ်တော့ ကျနော်တို့ ထပ်တိုင်တာပေါ့ဗျာ၊ မြို့နယ်ကနေပြီးတော့ ထပ်ရှင်းခိုင်းတော့ မြို့နယ်ရောက်ပြန်ရောက်တော့ မြို့နယ်လည်း သေချာရှင်းမပေးဘူးဗျ၊ မြို့နယ်ကလည်း တာဝန်ယူပြီးတော့ သေချာရှင်းမပေးဘူး၊ ဟိုလူတွေနဲ့လည်း မရှင်းပေးဘူးဆိုတော့ ကျနော်တို့က မခံမရပ်နိုင်ဆိုပြီးတော့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် တာဝန်ရှိတဲ့ လူကရှင်းပေးဖို့ ဆန္ဒပြတာပါ"

သဲချက်ကျေးရွာမှာ အိမ်ခြေ ၈၀၀ကျော်ရှိပြီး ကျေးရွာမီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ မီးလင်းရေးကော်မတီကို ဖွဲ့စည်းထားတာဖြစ်တယ်လို့သိရပါတယ်။ ကျေးရွာမီးလင်းရေးကော်မတီထံ အိမ်ခြေ ၄၀၀လောက်က တစ်အိမ်ကို ငွေကျပ် ၄သိန်းကျော် ပေးသွင်းထားတာဖြစ်ပြီး အိမ်ခြေ ၃၀၀လောက် လျှပ်စစ် မီးရရှိနေပြီလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

သဲချက်ကျေးရွာသားတွေက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ကုန်ကျစရိတ် ငွေစာရင်း ရှင်းခိုင်းပေမယ့် စာရင်းရှင်းမပေးတဲ့အတွက် နွားထိုးကြီးမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်တန်းထားကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။