နတ်တလင်းမှာ မိုင်းနင်းမိလို့ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

RFA Burmese
2024.01.04
နတ်တလင်းမှာ မိုင်းနင်းမိလို့ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ ပဲခူးတိုင်း (အနောက်ပိုင်း)၊ နတ်တလင်းမြို့ကို တွေ့ရစဉ်။
Paungde News Facebook

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်က ဖလံပင်ကုန်း စက်လှေဆိပ်အနီးမှာ ဇန်နဝါရီ ၃ ရက် မနက်က စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မယင်းရွာက အသက် ၅၀ ဝန်းကျင် ဦးဇော်လွင် သေဆုံးပြီး ဉာဏ်လည်ရွာက အသက် ၃၀ ဝန်းကျင် ကိုဝင်းဆန်းထူး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ပြောပါတယ်။

ကျွဲ၊ နွားကျောင်းရင်း မိုင်းကို တည့်တည့်နင်းမိသူတစ်ဦးက နေရာတင်သေဆုံးခဲ့သလို နောက်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ နတ်တလင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ဦးဇော်လွင်က ရှေ့က နင်းချမိတာ။ နောက်က ဆယ်တောင်အကွာက ကိုဆန်းထူးကတော့ ဝမ်းဗိုက် ရင်ဘတ်နဲ့ မျက်နှာအနှံ့ ထိခိုက်မိတယ်။ မျက်လုံးတစ်ဖက်လဲ အတော်ထိသွားတယ်။ ဖလံပင်းကုန်းဆိပ်မှာ ဆည်ထဲမှာပေါ့။ အဲကုန်းက နေရာအနှံ့ စစ်တပ်က နင်းမိုင်း၊ တိုက်မိုင်းတွေ ထောင်ထားတာဗျ"

မိုင်းနင်းမိပြီး သေဆုံးသူတွေက အရပ်သားတွေဖြစ်ပြီး စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၉ ရက်နေ့ကစလို့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း မယင်းရွာသား ကိုငတိုး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းခေါ်ဆိုပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံနေတယ်လို့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) က ၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။