စိတ်ဓါတ်တွေ ပြောင်းပစ်ကြဖို့ နမ်ဘီးယား တိုက်တွန်း
2014.08.25

ရခိုင်ပြည်နယ်က လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ဆိုရင် နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ စိတ်ဓါတ်တွေ ကို ပြောင်းလဲပစ်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က ဒီနေ့ ပြောလိုက်ပါတယ်။
စစ်တွေမြို့နယ်က စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ မွတ်စလင်ဒုက္ခသည်စခန်းတွေ ကို သွားရောက်ခဲ့ပြီး စက်ရုံစု ရခိုင်ဒုက္ခသည်စခန်းမှာ Mr. Nambiar က
"နှစ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ယုံကြည်မှု ပိုတည်ဆောက်ကြရမှာဖြစ်သလို သံသယတွေ နည်းသွားပြီး အကြမ်းဖက်မှုတွေလည်း လျော့နည်း သွားဖို့ လိုအပ်ကြောင်း၊ အဲဒီလိုဖြစ်ဖို့အတွက် မလွယ်ကူဘူးဆိုတာကို မိမိတို့အနေနဲ့ သိရှိထား ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရတွေဘက်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အခြေအနေပြောင်းလဲလာမယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း" ပြောခဲ့ပါတယ်။
ရခိုင်တွေရော မွတ်စလင်တွေပါ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း အစိုးရတွေနဲ့ ပူးတွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ရခိုင်ဒုက္ခသည်တွေက မစ္စတာနမ်ဘီးယားကို စားဝတ်နေရေး အကျပ်အတည်းတွေအပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တင်ပြခဲ့ကြပြီး မွတ်စလင်ဒုက္ခသည်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။
ရခိုင်လူ့အဖွဲ့အစည်းက နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာ တခြားတစ်ဘက်ကိုပဲ ကူညီတယ်ဆိုပြီး ယုံကြည်မှုမရှိခဲ့တာတွေရှိခဲ့ကြောင်း မိမိတို့အနေနဲ့ အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း Mr. Nambiar က ပြောခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။