စစ်ကောင်စီပိုင် Mytel တာဝါတိုင်အချို့ ဖောက်ခွဲဖျက်ဆီးခံရ

2021.09.08
စစ်ကောင်စီပိုင် Mytel တာဝါတိုင်အချို့ ဖောက်ခွဲဖျက်ဆီးခံရ ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရတဲ့ ဘုတလင်မြို့နယ်က Mytel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရစဥ်
Photo: HTY Information
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နဂါးမတောင်မှာရှိတဲ့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်း တွေကို စက်တင်ဘာလ ၇ ရက် မနေ့ည ၇ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PRA) က မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။
 
မနေ့ညပိုင်းက မိုင်းခွဲပြီး မီလောင်နေတဲ့ဗွီဒီယိုဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PRA) က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။
 
အလားတူ ဘုတလင်မြို့နယ်ထဲက Mytel တာဝါတိုင် (၁၁) ခုအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်တစ်ခုလည်း မနေ့က နေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာပဲ ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။
 
ဒါ့အပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတစ်ရွာအနီးမှာရှိတဲ့ Mytel တာဝါတိုင် တစ်ခုကိုလည်း မနေ့ညပိုင်းမှာပဲ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပေါက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြေညာထားပါတယ်။
 
ဆက်စပ်ပစ္စည်းတွေအစုံပါတဲ့ Mytel ကုမ္ပဏီရဲ့ Groung Base Tower (GBT) တစ်ခုဆိုရင် အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲခန့် ကာလပေါက်စျေး ကျပ်ငွေ သိန်း ၄၅၀၀ ဝန်းကျင်ရှိပြီး ကေဘယ်ကြိုးနဲ့ပဲသွားတဲ့ တာဝါတိုင်တစ်ခုကတော့ ဒေါ်လာငါးသောင်းဝန်းကျင် ကျပ်ငွေနဲ့ဆို သိန်း ၁၀၀၀ နီးပါးရှိတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ အခြားဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
 
အချို့ ဆက်သွယ်ရေးတာဝါတိုင်တွေက Mytel တစ်ခုတည်းတင်မဟုတ်ဘဲ အခြားသော ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားတာမျိုးရှိတာကြောင့် အားလုံးရဲ့ဆက်သွယ်ရေးအတွက် အခက်အခဲတွေတော့ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
 
ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနထံ စာတင်ရတာနဲ့ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းရတာတွေကြောင့် ပုံမှန်းအားဖြင့်ဆိုရင်တောင် ခြောက်လခန့်ကြာမြင့်နိုင်ပြီး အခုလိုမငြိမ်းချမ်းတဲ့ အခြေအနေမှာဆိုရင်တော့ ဒီထက်ပိုကြာသွားနိုင်တယ်လို့ ပြောပါတယ်။
 
စက်တင်ဘာလ ၇ ရက် မနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးအရ ပြန်လည်ခုခံတိုက်ခိုက်သွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကလည်း မြို့နယ်အသီးသီးမှာ တိုက်ခိုက်မှုအချို့ စတင်ပြုလုပ်နေတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။