မြစ်ကြီးနား ရွှေဖောင်လုပ်ငန်းခွင် လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
2023.01.05

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စုနဲ့ တာဟိုးနားကျေးရွာ အုပ်စုအနီးက ရွှေဖောင်လုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်က လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဒေသခံ အမျိုးသားတစ်ဦး သေဆုံးကာ ၃၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြေပြင်တပ်ဖွဲ့တွေက ပြောပါတယ်။
ညောင်ပင်သာ ကျေးရွာအုပ်စုက ငှက်ပျောတောရွာ၊ တာဟိုးနားကျေးရွာအုပ်စုက တာဟိုးနား ကျေးရွာအနီးကို မြစ်ကြီးနား လေတပ်စခန်းက တိုက်လေယာဉ် သုံးစင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကိုမျိုးသက်ကျော် ဦးခေါင်းပွင့်ထွက်သေဆုံးခဲ့တယ်လို့ ရုပ်လောင်းကို သွားရောက်ကြည့်ရှု ခဲ့တဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
"ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသူ ၁၂ ဦးပေါ့နော်။ အဲဒီထဲကမှ လုံးဝပြင်းထန် သူက လေးဦးပေါ့။ အသေးစားထိခိုက်တာက ၂၀ ကျော်ရှိတယ်"
ထိခိုက်ဒဏ်ရာ ရသူတွေထဲက လေးဦးကို မြစ်ကြီးနားမြို့ အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဒီဒေသဟာ ဗန်းမော်မြို့ အထက်ပိုင်း၊ မြစ်ကြီးနား မြို့နယ်ထဲက ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဒေသဖြစ်ပြီး ဒေသခံ တစ်ထောင်ဝန်းကျင်က ရွှေဖောင်တွေနဲ့ ရွှေတူးဖော်ရာဒေသလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ဘာကြောင့် လာရောက်တိုက်ခိုက် သွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေး သလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂီတ ဖျော်ဖြေပွဲ ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပြီး အဲဒီတုန်းက လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာ က တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။