မြင်းမူမြို့နယ် လက္ကပင်ရွာဒေသခံ ၅၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး

RFA Burmese
2023.03.06
မြင်းမူမြို့နယ် လက္ကပင်ရွာဒေသခံ ၅၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ လက္ကပင်ရွာကို မတ်လ ၅ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၅၀ နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ဟာ လက္ကပင်ရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ချိန် မှာ ဒေသခံတွေက ကြောက်လန့်ပြီး ဘုန်းတော်ကြီးကျောင်းထဲမှာ ပုန်းအောင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က မနက်အစောပိုင်းမှာ ရွာထဲကို သေနတ်ဖောက်ပြီးဝင်လာတာ။ လမ်းမှာလည်း တွေ့သမျှလူ ဖမ်းထားတယ်။ လက္ကပင်ရွာထဲက ဘုန်းကြီးကျောင်းထဲမှာရှာတယ်။ ကျောင်းထဲကလူတွေက ကြောက်လို့ ပုန်းနေကြတာ။ အဲဒီလူတွေအကုန် အဖမ်းခံလိုက် ရတယ်။ အဖမ်းမခံရတဲ့ လူတွေကလည်း ထွက်ပြေးကြတော့တာ။ အခုထိ ရွာထဲမှာပဲ စစ်ကောင်စီတပ်တွေရှိသေးတယ်။ ရွာလည်း ပြန်ဝင်လို့မရသေးတော့ ဖမ်းထားတဲ့သူတွေ သေလား၊ ရှင်လား မသိရသေးဘူး”

ဒီဖြစ်စဉ်ကြောင့် လက္ကပင်ရွာအပါအဝင် အနီးအနား ကျေးရွာလေးရွာက ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က မတ်လ ၆ ရက် ညနေပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မတ်လ ၁ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက အရပ်သား ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး မြင်းမူမြို့နယ်၊ ညောင်ရင်းကျွန်းပေါ်မှာ သတ်ဖြတ်ခဲ့ပါတယ်။

လက္ကပင်ရွာက ဒေသခံတွေကတော့ လက်ရှိဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတပ် တွေက ဖမ်းဆီးသတ်ဖြတ်သွားမှာကို စိုးရိမ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ မတ်လ ၃ ရက်နေ့အထိ ပြည်သူ ၁၆,၁၂၀ ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထား ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။