မြင်းခြံမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2024.11.15
မြင်းခြံမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း၏ Myingyan Black Tiger (MBT) အဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Screenshot : Myingyan Black Tiger (MBT) Video

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ အရှေ့ဘက်တစ်မိုင်ကျော်မှာရှိတဲ့ ကျောက်ရံရွာကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၉ နှစ်အရွယ် မအိပြည့်ပြည့်ဖြိုးသေဆုံးခဲ့ပြီး၊ အသက် ၃၆ နှစ်အရွယ် မကြေးမုံဝင်း၊ အသက် ၃၃ နှစ်အရွယ် မဝင်းနွယ်၊ အသက် ၄၂ နှစ်အရွယ် မသင်းသင်းအေးနဲ့ ၄၄ နှစ်အရွယ် မရီဝင်းတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတာ မရှိပေမဲ့ ကာကွယ်ရေးတပ်တွေ ရှိနေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိပါဘူး။ သူတို့ဘက်က ဘယ်သူ့ထိထိဆိုပြီး ပစ်ကြတာ။ ရွာမှာလည်း ဘယ်သူမှ မနေကြတော့ဘူး။ အကုန်လုံး နီးစပ်ရာကို တိမ်းရှောင်နေကြတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အခြေအနေကောင်းတယ်လို့ ကြားပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နေရာတွေကို နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး လေကြောင်းကနေ နေ့စဥ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ခြောက်ထောင်နီးပါး (၅,၉၄၅) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။