မြိတ်မြို့က ထမင်းဆိုင်ပိုင်ရှင် တစ်ဦး စစ်ကြောရေးမှာ သေဆုံး
တနင်္သာရီတိုင်း မြိတ်မြို့က ထမင်းဆိုင်ပိုင်ရှင်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးနောက် သုံးရက်အကြာ ဒီဇင်ဘာ ၆ ရက် မနေ့က မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြိတ်မြို့ နောက်လယ်ရပ်ကွက် ၁ လမ်းမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ဦးပြည့်စုံဦး (ခ) တီတီ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူ့မိသားစု ပြောတာတော့ စစ်ကြောရေးမှာ ဆုံးသွားတယ် စစ်ကြောရေးမှာ ဆုံးပြီးတော့ အလောင်းကို သင်္ချိုင်း ယူဆောင်သွားတယ် ဘုန်းကြီးပင့် သရဏဂုံ တင်တော့မှ မိသားစုကို ခေါ်တာ"
လာရောက်ဖမ်းဆီးစဉ် အဲဒီနေ့ စစ်တပ်၊ စရဖ၊ ရဲတပ်ဖွဲ့ဝင်တွေက ဦးပြည့်စုံဦးဟာ PDF တွေကို ထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဆိုပြီး ဖမ်းခေါ်သွားတယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေအပြောကတော့ သူဟာ သာမန် ထမင်းရောင်းသူ တစ်ဦးသာဖြစ်ပြီး အရင်က ကုမ္ပဏီကား မောင်းခဲ့ဖူးတယ်လို့ ပြောပါတယ်။ RFA အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြိတ်မြို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ များနေပြီး အခုလို အလောင်းလာထုတ်ခိုင်းတဲ့ ဖြစ်ရပ်မျိုးတွေ အရင်ကရှိခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ဒေသအသီးသီးက စစ်ကြောရေးစခန်းတွေမှာ နှိပ်စက် ညှဉ်းပန်းမှုတွေကြောင့် နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်ဟာ စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း ဦးပြည့်စုံဦးနဲ့ပါဆို ၈၆ ယောက်အထိ ရှိနေပါပြီ။