မြိတ်မှာ လူသုံးဆယ်ကျော် ဝမ်းရောဂါ ကူးစက်ခံရပြီး နှစ်ဦး သေဆုံး

RFA Burmese
2024.11.12
မြိတ်မှာ လူသုံးဆယ်ကျော် ဝမ်းရောဂါ ကူးစက်ခံရပြီး နှစ်ဦး သေဆုံး မြိတ်မြို့တွင် ဝမ်းရောဂါဖြစ်ပွားနေသူတစ်ဦးကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၁၁ ရက်နေ့က တွေ့ရစဥ်။
ချစ်ကြည်ရေး ပရဟိတအသင်း

တနင်္သာရီတိုင်း မြိတ်မြို့မှာ ဝမ်းရောဂါကူးစက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိနေပြီး လူသုံးဆယ်ကျော် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

နိုဝင်ဘာလ ပထမပတ်ကစလို့ ဝမ်းရောဂါကူးစက်မှု များပြားလာတာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ကတော့ ဝန်ထမ်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ လှေလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ် ၀မ်းပျက် ၀မ်းလျှော လူနာက သုံးဆယ်ကျော် လောက်ရှိတယ် ဆေးရုံကြီးမှာ။ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်။ သူတို့က အချိန်လွန်မှ ဆေးရုံကို ရောက်လာတယ်။ ဆေးရုံမှာ ကုသမှုခံယူလိုက်ပေမဲ့ မမီလိုက်ဘူး။ ဆုံးသွားတယ်။ လှေလုပ်သားတစ်ဦးကလည်း ဆုံးပြီးမှ ရောက်လာတယ်။ ဒီတစ်လတည်းမှာ တောက်လျှောက် အဖြစ်များလာတာ။ တော်တော်များများက ငါးဖမ်းစက်လှေက လှေလုပ်သားတွေ အဖြစ်များနေတယ်။ မြို့ထဲမှာကျတော့ ဟိုရပ်ကွက် တစ်ယောက်၊ ဒီရပ်ကွက်က တစ်ယောက် ဖြစ်လာနေကြတယ်”

ဝမ်းရောဂါဖြစ်ပွားနေသူတွေ လက်ရှိမှာ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ပြောပါတယ်။

လတ်တလောမှာတော့ ၀မ်းရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး သတိထားလိုက်နာသင့်တာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက လိုက်လံသတိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်း လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြိတ်မြို့အပြင် တနင်္သာရီမြို့နယ်ထဲက မောင်တော၊ သဲဖြူ၊ သိန္ဓော စတဲ့ရွာတွေမှာလည်း အခုရက်ပိုင်းအတွင်း ၀မ်းပျက်၀မ်းလျှောရောဂါအဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် ရေလုပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။