မြေပုံကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရ


2020.06.03

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် ကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ နဲ့ အာဏာပိုင်တွေက တရားစွဲဆို ဆိုထားပါတယ်။

မြေပုံမြို့နယ် အငူသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မေလ ၃၀ ရက်နေ့မှာ အစည်းအဝေးရှိတယ်လို့ ခေါ်ယူသွားရာကနေ ပြန်မလွှတ်ပေးဘဲ အခုလို တရားစွဲခံရတာဖြစ်တယ်လို့  မိသားစုဝင်တွေက ဒီကနေ့ ပြောပါတယ်။

ဒီအုပ်ချုပ်ရေးမှူးနှစ်ယောက်ကို AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။

"သူတို့နှစ်ဦးကို ဒီမှာတပ်စွဲထားတဲ့ ဗျူဟာမှူးက ဆွေးနွေးဖို့ဆိုပြီး ခေါ်သွားတယ်၊ စစ်ဆေးနေချိန် အတွင်းမှာ သူတို့အိမ်တွေကိုလည်း ရှာဖွေခံရတာပေါ့၊ အဲဒီည ရဲစခန်းမှာပဲ အိပ်ရတယ်၊ နောက်တနေ့ကျ အမှုဖွင့်တယ်ပေ့ါ၊ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀၊ ၅၂တွေနဲ့ အမှုဖွင့်တယ်၊ တနင်္လာနေ့ကျ တရားရုံးက ရမန်ယူတာပေါ့"

သူတို့ကို မြေပုံမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မနေ့တုန်းကတော့ ရဲက ဆက်ပြီးဖမ်းထားဖို့အတွက် တရားရုံးခွင့်ပြုချက် ယူခဲ့ကြောင်း၊ နေအိမ်တွေကိုလည်း ရဲနဲ့ စစ်သားတွေက ဝင်ရောက်ရှာဖွေခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူးလို့ ရွာသစ်ကေ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဇနီး ဒေါ်လှသိန်းကြည်က ပြောပါတယ်။

“မလွတ်တော့ဘူး။ အိမ်မှာလည်း အကုန်လုံးကိုမွှေသွားတယ် ရုံးစာရွက်စာတမ်းတွေ အကုန်လုံး မွှေသွားတယ်။ ဘာမှလည်မရသွားဘူး။ ဘာကြောင့်ဖမ်းတယ် ဆိုတာ အန်တီတို့လည်း မသိသေးဘူး။ အန်တီတို့က ဘာကြောင့် ဖမ်းလည်း စဉ်စားနေကြတယ်။ သူ့အိမ်ကလဲ ဘာမှမရဘူး။ သူ့ဆီကလဲ ဘာမှမရဘူး တစ်မျိုး ကလည်း စိတ်မကောင်းကြဘူး၊ သူတို့ အဲဒီလို အနိုင်ကျင့်နေကြတာ။ ဘယ်လိုလုပ်မလဲ အပြစ်ရှိတယ် ဆိုရင်တော့ ဖမ်းသွား။ အိမ်ကတစ်ခုရရင်လည်း ဖမ်းသွား။ သူအပြစ်နဲ့သူခံပေါ့”

ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြေပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဇော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ စခန်းမှူး အပြင်သွားတယ်ဆိုပြီး ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကိုလည်း RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားမှု မရှိခဲ့ပါဘူး။

မြေပုံမြို့နယ်မှာ အရင်က တပ်မတော်က တပ်စွဲတာမရှိပေမယ့် ပြီးခဲ့တဲ့ တစ်လလောက်က စလို့ မြေပုံမြို့မရဲစခန်းမှာ တပ်မတော်က စခန်းချပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုတာကြောင့် အခြား အုပ်ချုပ်ရေးမှူး တွေဟာလည်း စိုးရိမ်ပြီး နုတ်ထွက်ဖို့ ပြင်ဆင်နေသူ တချို့လည်း ရှိပါတယ်။ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးကတော့ ခုရက်ပိုင်းအတွင်း နုတ်ထွက်စာတင်သွားမယ်လို့ ပြောပါတယ်။

"ကျနော်တို့အမြင်ကတော့ နုတ်ထွက်လိုက်တာပဲ ကောင်းတယ်လို့မြင်တယ်၊ တရားစွဲရင် မတတ်နိုင်ဘူးလေ၊ ကျနော်တို့လည်း ဖြစ်ရင်ဖြစ်လာမယ်လေ။ ပြောလိုမရဘူး၊ ကျနော်က အသက်အရွယ်လည်း ကြီးပြီ။ အဲဒီလိုဘဲ တင်မယ်လို့ စဉ်းစားထားတယ်"


အုပ်ချုပ်ရေးမှူးတွေဆိုတာ နှစ်ဘက်ကြားမှာ ကြားညပ်တတ်တာကြောင့် အစိုးရနဲ့တပ်မတော်အနေနဲ့ နားလည်ပေးသင့်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေဆိုတာက ရွာရဲ့အကြီးအကဲတွေ၊ အဲဒီတော့ ဟိုဘက်ကလာရင်လည်း ကူညီရတာတွေ ရှိကောင်းရှိမှာပေါ့၊ စစ်တပ်လာရင်လည်း ကူညီရတာတွေ ရှိကောင်းရှိမှာပေါ့၊ သူတို့က နှစ်ဘက်ကြားညပ်နေတဲ့ အဖွဲ့တွေဆိုတော့ အစိုးရဘက်ရယ် တပ်မတော်ဘက်ရယ်က နားလည်သင့်တာပေါ့၊ တကယ်လို့ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ဘေးကြပ်နံကြပ် အကြပ်အတည်းကြားမှာ အဲဒီလို တရားစွဲဆိုမှုတွေ ဖြစ်လာရင် ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေလည်း ကြောက်ပြီးတော့ အလုပ်မလုပ်နိုင်ဘဲ ဖြစ်သွားရင်တော့ မြို့နယ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ပျက်စီးသွားမှာပေါ့"

ဒီအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဘက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုရာမှာ ဘယ်သူက တရားလိုလုပ်ပြီး တရားစွဲဆိုသလဲ ဆိုတာတော့ မသိရသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ လက်ရှိ တရားစွဲဆိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို စစ်ဆေးချက်တွေအရ AA နဲ့ ပတ်သက်မှု ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ ပြောပါတယ်။ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာကတော့ စစ်ဆေးတွေ့ရှိချက်အပေါ်မှာ အစိုးရ ရှေ့နေတွေက ဆုံးဖြတ်တာဖြစ်တယ်လို့ RFA ကို ပြောဆိုပါတယ်။

အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတရားစွဲ ခံရတာတွေ ရှိလာနေတဲ့အတွက် အခြား အုပ်ချုပ်ရေးမှူးတွေက စိုးရိမ်ပြီး နုတ်ထွက်စာတင်လာနေတာတွေကြောင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြား နိုင်တယ်ဆိုပြီး ထောက်ပြသံတွေလည်း ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အများကြီးရှိတဲ့အတွက် နှုတ်ထွက်သူတွေရှိသလို၊ ဆက်လုပ်မယ့် သူတွေလည်း ရှိနေတာ ကြောင့် အုပ်ချုပ်ရေး ယန္တရားပျက်ပြားနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီအုပ်ချုပ်ရေးမှူးနှစ်ဦးဟာ AA နဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။ သူတို့ဟာ သာမန်ဒေသခံပြည်သူတွေသာဖြစ်ပြီး၊ အရင်က မြန်မာစစ်တပ်ကနေ တောက်လျှောက် အသုံးပြုလာတဲ့ ဒီရွာလူကြီးတွေကို အခုလို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့လည်း ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေဟာ ဖမ်းဆီးခံရတာတွေ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး တာဝန်တွေကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်တာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။