မြဝတီမြို့မှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂) ရပ်ကွက်က အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး ဦးသန်းဋ္ဌေးဟာ ဒီကနေ့ မနက်မှာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
သူဟာ ဒီနေ့မနက် ၆ နာရီဝန်းကျင်လောက်က အမှတ်(၂) ရပ်ကွက် မြို့ပတ် (၂) လမ်းမှာရှိတဲ့ သူရဲ့နေအိမ်ရှေ့ က ဖိုက်ဘာခုံပေါ်မှာ ထိုင်နေစဉ် ကားအနက်ရောင်တစ်စီး ရောက်လာပြီး ဝမ်းဗိုက်နဲ့ ရင်ဘက်ကို သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"မနက်အစောပိုင်းမှာ ဖြစ်သွားတာပေါ့။ ကားနဲ့လာပစ်သွားတာ။ ရာအိမ်မှူးက သေသွားတယ်။ ဘယ်သူ တွေက ပစ်တယ်ဆိုတာတော့ မသိဘူး" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကိုပြောပါတယ်။
ရာအိမ်မှူး ဦးသန်းဋ္ဌေးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့လူငယ်တွေရဲ့ သတင်းတွေ ကို စစ်တပ်ကို ပြန်ပို့နေတယ်လို့ သံသယရှိတာကြောင့် အခုလိုပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူကပြော ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းက မြဝတီမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်တွေဟာ ဦးသန်းဋ္ဌေးရဲ့ နေအိမ်ရှေ့ လမ်းမပေါ်မှာ သဲအိတ်တွေနဲ့ ဘန်ကာတွေလုပ်ပြီး စုဝေးနေစဉ် လူငယ်အချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။