မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင်

2021.07.27
မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင် ၂၀၂၁၊ ဇူလိုင် ၁၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို တွေ့ရစဉ်
Photo: Simulation

မန္တလေးမြို့မှာ နေ့တိုင်းနီးပါး ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရလို့ သေဆုံးသူတွေရှိနိုင်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ်အနီး (၈၁) လမ်းမှာ ပြောက်ကျားသပိတ်အနေနဲ့ ဆန္ဒပြနေကြစဉ် အရပ်ဝတ်တွေက သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ဖြိုခွင်းခဲ့လို့ တချို့သေဆုံးတာတွေ ရှိနိုင်ပြီး ဖမ်းဆီးခံရသူတွေ၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

" အရပ်ဝတ်တွေနဲ့ရောက်လာပြီး ပစ်လိုက်တော့ ဆိုင်းဘုတ်ကိုင်ထားတဲ့ မိန်းကလေး လဲကျသွားတယ်။ သေမလား၊ အသက်ရှင်မလားတော့ မသိဘူး။ သုံးယောက်ထက်မနည်း ကျည်ထိပြီး ဖမ်းခံလိုက်ရတယ်၊ ကားပေါ်တင်သွားတယ် ပြောတယ်။ ကျန်တဲ့သူတွေက ထွက်ပြေးကြတော့ ဆိုင်ကယ်တွေ လဲကျတယ်။ အခုထိတော့ လူစစ်နေတုံးမို့ ဖမ်းဆီးခံရတာ၊ ထိခိုက်တာတွေ သေချာမပြောနိုင်သေးဘူး။ ဘာလက်နက်မှ မပါတဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို တွေ့တာနဲ့ အခုလိုပစ်ခတ်တာက မဖြစ်သင့်ဘူး "

ဆန္ဒပြသူတွေထဲက ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်၊ အဖမ်းခံထားရတယ်၊ သေဆုံးခဲ့သူတွေရှိတယ် ဆိုတာတွေကို RFA က သီးခြားအတည်ပြုလို့မရသေးပါဘူး။

မြတောင်သပိတ်စစ်ကြောင်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ နေ့စဉ်နီးပါး ဆန္ဒပြခဲ့ ကြပြီး ၁၀ ကြိမ်ထက်မနည်း ဖြိုခွင်းခံခဲ့ရဖူးတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။