ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ မလေးရှားကနေ ဆက်လက်ရောက်ရှိ
2013.06.29

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက် ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမယ်လို့ သိရပါတယ်။
ဒီကူညီမှုနဲ့ ပတ်သက်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးရဲမျိုးဟိန်းက RFA ကို အခုလို ပြောပါတယ်။
"အခု ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရတဲ့လူ ၁၇၂ ယောက်ရယ်၊ ဒဏ်ရာအပြင်းအထန်ရထားတဲ့ အောင်မျိုးဦးရယ်၊ အားလုံးပေါင်း ၁၇၃ ယောက်ပေါ့၊ အဲဒါကို စင်းလုံးငှားလေယာဉ်နဲ့ စီစဉ်ပြီးတော့ အခုပြန်ခေါ်လာမှာပါ၊ လောလောဆယ် ထိန်းသိမ်းရေးစခန်း ၉ ခုရှိပါတယ်၊ ကျနော်တို့က စခန်း ၅ ခုက လုပ်သားတွေကို စာရင်းကောက်ပြီးတော့ ခေါ်လာပါတယ်၊ တခြားလုပ်သားတွေလည်း ကျန်နေပါသေးတယ်၊ အားလုံး ၄၉ ယောက်ကျန်နေတာတွေ့ရပါတယ်၊ အဲဒါကိုလည်း လာမယ့်အပတ်ထဲမှာ ပြန်ခေါ်ဖို့ရှိပါတယ်"
အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီနေ့ ည ၈ နာရီမှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ဒဏ်ရာရရှိသူကိုတော့ ဝိတိုရိယဆေးရုံမှာ ဆေးဝါးကုသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည်ကလည်း ဧရာဝတီဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံက မြန်မာလုပ်သား ၅၅ ဦးဟာ MAI လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
အခုဆိုရင် မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူ တစ်ထောင်ကျော်ရှိသွားပြီလို့လည်း သိရပါတယ်။