မလေးရှား မြန်မာသံရုံးရဲ့ ထိရောက်တဲ့ အကူအညီရဖို့ သမ္မတထံ တောင်းဆို


2013.06.19

မလေးရှားနိုင်ငံကနေ နေရပ်ကိုပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မြန်မာသံရုံး အနေနဲ့ ဦးစီးပြီး ကြပ်ကြပ် မတ်မတ် လုပ်ဆောင်ပေးဖို့ မလေးရှားအခြေစိုက် မြန်မာ့အမျိုးသားရေး လူမှုကွန်ရက် ကော်မတီက သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

မလေးရှာနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုဟာ  ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်သမား ဒုဝန်ကြီးနဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးတို့ စီစဉ်ပေးခဲ့တဲ့ အတိုင်း မြန်မာပြည်ပြန်ဖို့ မလေးရှားက မြန်မာသံရုံးကို သွားရောက် အကူအညီ တောင်းခံခဲ့ပေမယ့် သံရုံးက လျစ်လျူရှုနေတဲ့အတွက်ကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသားရေး လူမှုကွန်ရက်ကော်မတီက ကိုအောင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ  သံရုံးက  ပြန်မယ့်ဦးရေ တစ်နေ့ကို ၂ဝ ဘဲ အထောက်အထားလက်မှတ် CI (Certificate of Identity) ထုတ်ပေးနေတာ၊ CI လက်မှတ်ရလို့ မလေး လဝက ရုံးကို သွားရောက် အကြောင်းကြားပြီး အိုဗာစတေးအတွက် မလေးရင်းဂစ်ငွေ ၄ဝဝ ပေးဆောင်တော့လဲ နောက်ထပ် ၃ လကြာမှ လာယူခိုင်းတာ၊ နိုင်ငံကိုပြန်ဖို့အတွက် ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်က  သံရုံးကိုယ်စား ဆက်သွယ် ဆောင်ရွက်ပေးနေတယ်ဆိုတာ တိတိကျကျမသိရဘဲ ပွဲစားဆိုသူတွေကို ငွေကြေးပေးနေရတာ၊ အဲဒီပွဲစားတွေက နိုင်ငံကို ပြန်မယ့်သူတွေဆီက  ရက်ပိုင်းအတွင်း ပြန်ချင်ရင် အမြန်နှုန်းအဖြစ် ရင်းဂစ်ငွေ ၁၄ဝဝ ကနေ ၁၅ဝဝ အထိ တောင်းခံနေတာစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မလေးရှား လဝက က တိုကင်နံပါတ်ကလွဲလို့ အထူးစာရွက်စာတမ်း ထုတ်မပေးတာကြောင့် ထပ်မံဖမ်းဆီးခံရမှာ စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။