မလေးရှားမှာ အလုပ်လုပ်ဖို့သွားတဲ့ မြန်မာအယောက် ၃ဝ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ တရားမဝင် ဝင်ရောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားအယောက် ၃ဝ လမ်းခရီးမှာပဲ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
အမျိုးသား ၂၆ ဦး နဲ့ အမျိုးသမီး ၄ ဦးကို ရတ်ချာဘူရီ ခရိုင်၊ မူအန်း စီရင်စု က ကြံခင်းတစ်ခုထဲမှာ အောက်တိုဘာ ၁၈ရက်ညက ဖမ်းဆီးမိခဲ့တာပါ။
သူတို့ဟာ ကန်ချနဘူရီခရိုင်ကနေ ရတ်ချာဘူရီခရိုင်အတွင်းက စိုက်ပျိုးရေး လုပ်ငန်းတစ်ခုကို ကားနဲ့သွားပြီး မလေးရှားနယ်စပ်ကို ထွက်ဖို့ စောင့်ဆိုင်းနေခဲ့ကြစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ဟာ အလုပ်ပွဲစားတွေကို တစ်ယောက် ထိုင်းဘတ်ငွေ သုံးထောင့်ငါးရာစီ ပေးခဲ့ကြရပြီး၊ ထိုင်းနိုင်ငံထဲဝင်ဖို့ တစ်ယောက်ကို ဘတ်ငွေ နှစ်သောင်း၊ မလေးရှားကို ဆက်ထွက်ဖို့ နောက်ထပ် ဘတ်ငွေတစ်သောင်းခွဲစီ ပေးခဲ့ကြရပါတယ်။ မလေးရှားမှာ အလုပ်ရဖို့ အာမခံတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ မလေးရှားကို ဝင်ဖို့ တရားဝင်အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်ကြရမှာဖြစ်ပါတယ်။ အဲဒီနောက် သူတို့ကို ရတ်ချာဘူရီ ခရိုင်၊ မူအန်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ဒါ့အပြင် ဒီလအတွင်း မြန်မာနိုင်ငံသား ၁၅ဝ ကို မလေးရှားက မူလနေရပ် ပြန်ပို့လိုက်ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာရေတပ်အရာရှိဟောင်းတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို မလေးရှာအစိုးရက ပြစ်တင်ဝေဖန် ခဲ့ပေမယ့် ပြီးခဲ့တဲ့လက မြန်မာရေတပ်အရာရှိဟောင်း ၆ ဦးကို ဖမ်းဆီးပြီး၊ အောက်တိုဘာလ ၆ ရက်နေက မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။