အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်မှု မြန်မာ သံအမတ်ကြီး ပြောကြား
2014.03.25

အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မျိုးထွတ် က မိမိတို့မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကောင်း မွန်အောင် အလေးထားကြိုးပမ်းနေကြောင်းနဲ့ ၂ဝ၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာချိန်ကစပြီး ၂ နိုင်ငံဆက်ဆံရေး သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း ပြော ကြားလိုက်ပါတယ်။
အမေရိကန်လွှတ်တော် ဧည့်ခမ်းမဆောင်မှာ မနေ့ကကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေး ပွဲမှာ မြန်မာသံအမတ်ကြီးက နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေနဲ့ ကာလရှည်ကြာတည်ရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပြသနာဖြေရှင်းရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာယုံကြည်မှု တည်ဆောက်ရေး၊ အရင်းအနှီးနဲ့ အတွေ့အကြုံအား နည်းမှုစတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်း ပြုပြင်ပြောင်းလဲမှုတွေကို အချိန်တိုအတွင်း ဆောင်ရွက်ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွတ် က အေပီသတင်းဌာနကို မတ်လ ၂၄ ရက် နေ့စွဲနဲ့ပေးပို့ခဲ့တဲ့ စာတစောင်မှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် အစိုးရက မတရား အနိုင်ကျင့်မှုတွေမရှိကြောင်းနဲ့ ဘာသာရေးမုန်းတီး မှုတွေပေါ် ပေါက်အောင် သွေးထိုး လှုံ့ဆော်မှုတွေကို မိမိတို့ လက်ခံမှာ မဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့တဲ့ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း တွမ်အင်းဒရူး ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ရိုဟင်ဂျာဒုက္ခသည်တွေဟာ လုံလောက်တဲ့ဆေးဝါးကုသမှုမရတဲ့အပြင် အသက်ဘေး အန္တရာယ်ကို စိုးရိမ်နေကြရကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာ အမျိုးသားရေးဝါဒ တနေ့တခြား ကြီးမားလာနေကြောင်း တနင်္လာနေ့က ထုတ်ပြန်ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက အေပီ သတင်းဌာနကို ခုလို စာရေးသား ပြောဆိုခဲ့တာဖြစ်ပါတယ်။
RFA က မိတ္တူရခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွတ် ရဲ့ပေးစာမှာ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခွင့်တွေရပ်ဆိုင်းခဲ့တာဟာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒအရ ဖြစ်ကြောင်း နဲ့ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ ဒေသခံတွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။