မြန်မာလို့ယူဆရတဲ့ အလောင်းသုံးလောင်း မလေးရှားနယ်စပ်မှာ စွန့်ပစ်ထား

RFA Burmese
2023.03.16
မြန်မာလို့ယူဆရတဲ့ အလောင်းသုံးလောင်း မလေးရှားနယ်စပ်မှာ စွန့်ပစ်ထား ၂ဝ၂၁ ခုနှစ် မေလ ၁၂ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် တာ့ခ်ဘိုင်မြို့နယ်တွင် နယ်စပ်အဝင်အထွက် လုံခြုံရေးတိုးမြှင့် စောင့်ကြပ်နေသည့် ထိုင်းစစ်သားတစ်ဦး။
AFP

မြန်မာနိုင်ငံသားလို့ယူဆရတဲ့ အမျိုးသားအလောင်းသုံးလောင်းကို ထိုင်း-မလေးရှားနိုင်ငံနယ်စပ်မှာ တွေ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN)က ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီ ကပြောပါတယ်။

ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင်၊ ဘန့်ကလန်မြို့နယ်က အမှိုက်စွန့်ပစ်တဲ့နေရာမှာ မလေးရှားနိုင်ငံကိုသွားမယ့် မြန်မာတွေလို့ ယူဆရတဲ့ အမျိုးသားအလောင်းသုံးလောင်းကို မတ်လ ၁၅ ရက်နေ့က ထိုင်းအမှိုက်ကောက်သူတစ်ဦးက တွေ့ရှိလို့ ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဦးဘရီက ပြောပါတယ်။

“သုံးလောင်ပြိုင်အမှုကို အမှိုက်ကောက်တဲ့ထိုင်းအမျိုးသားက တွေ့တဲ့နောက်ပိုင်းမှာ နီးစပ်ရာရဲစခန်းကို တိုင်ကြားပြီးတော့ အလောင်းသုံးလောင်းကို ဟတ်ရိုင်ဆေးရုံကို ပို့လိုက်တယ်။ နောက်ထပ်ကြားရတဲ့ သတင်းက သူတို့မှာ အမှတ်သင်္ကေတပါတာက ကြိုးအနီနဲ့ လက်မှာ ချည်ထားတယ်။ ဘယ်ပွဲစားရဲ့လူပေါ့။ အဲဒီလိုချည်ထားတဲ့အခါ မြန်မာတွေဖြစ်တယ်လို့ ရဲတွေက ခန့်မှန်းတယ်။ အခုအမှုဖြစ်တဲ့နေရာမှာ ဌာနဆိုင်ရာက လိုက်လံရှာဖွေဖမ်းဆီးနေတယ်”

“တရားခံယူဆရတာက ထိုင်းကားသမားဖြစ်ပုံရပါတယ်။ ခရီးသွားတဲ့လူတွေနဲ့ ကားသမားနဲ့ တစ်စုံတစ်ရာ အနှောင့်အယှက် ဖြစ်နေလောက်တယ်။ အဲဒီလိုဖြစ်တဲ့နောက်ပိုင်းခြေတွေ၊ လက်တွေ ကြိုးနဲ့တုပ်ပြီး လည်ပင်းကို ဓားနဲ့လှီးပြီးတော့ သတ်တာ။ သတ်ပြီး အမှိုက်ပစ်တဲ့ ကွင်းပြင်ကျယ်မှာ သွားပစ်ထားတာ”

ဒီအလောင်းသုံးလောင်းကို သုံးရက်လောက်ရှိပြီလို့ ရဲတွေက ယူဆနေကြပြီး အလောင်းကို ဟတ်ရိုင်ဆေးရုံကို ပို့ပြီး စစ်ဆေးချက်ယူနေတယ်လို့ ဦးဘရီက ပြောပါတယ်။ သေဆုံးသူတွေဟာ မလေးရှားကိုသွားမယ့် ခရီးသည်တွေလို့ ယူဆရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ သုံးသပ်တာက မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို လာတဲ့ခရီးသည်ဖြစ်နိုင်ပုံရပါတယ်။ ဘာလို့လည်းဆိုတော့ သေတဲ့လူ သုံးယောက်ရဲ့လက်မှာ ကြိုးအနီနဲ့ချည်ထားတယ်။ ကြိုးအနီနဲ့ ချည်ထားတယ်ဆိုတာကို ပွဲစားတွေများတယ်။ လက်မှာကြိုးကို ကြည့်ပြီးတော့ ဘယ်သူ့ရဲ့လူဆိုတာ သူတို့ ရွေးဖို့ အမှတ်လုပ်ထားတာ။ မြန်မာနိုင်ငံက လာတဲ့လူတွေကို ဘယ်လိုလုပ်တာ များပါတယ်။ မလေးရှားကို သွားဖို့ ပုံလို့ ကျွန်တော်တို့က ခန့်မှန်းလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ အခုဖြစ်တဲ့နယ်မြေက မလေးရှားကို သွားတဲ့ ဟိုင်းဝေးလမ်းမကြီး သိပ်မဝေးဘူး။"

လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေကလည်း ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။