မြန်မာနိုင်ငံမှာ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ အမေရိကန် ဆောက်မည်
2014.08.28

မြန်မာနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ၂ ရုံ တည်ဆောက်ဖို့အတွက် အမေရိကန်နဲ့ မြန်မာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈ဝ ကုန်ကျမယ့် ဒီစီမံကိန်းကို အမေရိကန်အခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ လျှပ်စစ်ဝန်ကြီးဌာန ပူးတွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက် ပိုင်း မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေး ဌာနက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် Michael Froman ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိ သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီစီမံကိန်းအရ မန္တလေးတိုင်းအတွင်းက မြင်းခြံနဲ့ မိတ္ထီလာခရိုင်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅ဝ စီထုတ်လုပ်နိုင်မယ့် စက်ရုံနှစ်ရုံကို ၂ဝ၁၆ ခုနှစ်မှာအပြီး တည်ဆောက်မှာဖြစ်ပါတယ်။
ဒီဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ပြီး သွားမယ်ဆိုရင် တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား ၁ဝ ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
စက်ရုံတည်ဆောက်မယ်ဆိုရင် လူငါးရာလောက်အတွက် ဆောက်လုပ်ရေး လုပ်ငန်းအပါအဝင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ACO ကုမ္ပဏီက ပြောပါတယ်။