မီဇိုငြိမ်းချမ်းရေး မြန်မာလေ့လာ မယ်လို့ အိန္ဒိယမီဒီယာပြောဆို
2015.02.03
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံမှာ မီဇိုသဘောတူညီချက်ကို လာရောက်လေ့လာကြဖို့ မြန်မာ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဇိုရမ်ထန်ဂါ Zoramthanga က ပြောဆိုကြောင်း အိန္ဒိယသတင်းစာတွေ က ဖေါ်ပြကြပါတယ်။
အိန္ဒိယ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဇိုရမ်ထန်ဂါဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေကြား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတယ်လို့ The Indian Express သတင်းက ဖေါ်ပြပါတယ်။
ဇိုရမ်ထန်ဂါဟာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က MNF ခေါ် မီဇိုအမျိုးသားတပ်ဦးအဖွဲ့က ထင်ရှားတဲ့ သူပုန်ခေါင်းဆောင်ဖြစ် ခဲ့ပါတယ်။ အဲဒီ့နောက် ၁၉၈၆ ခုနှစ် ရာဂျစ်ဂန္ဓီ အစိုးရလက်ထက်မှာ မီဇိုသဘောတူညီချက်လို့ခေါ်တဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်သူ့ရဲ့ပါတီဟာ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အာဏာရခဲ့ပြီး၊ ဇိုရမ်ထန်ဂါဟာ ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ပြင် အိန္ဒိယဗဟိုအစိုးရနဲ့ နိုင်ငံအရှေ့မြောက်ပိုင်း က လူမျိုးစုလက်နက်ကိုင် သူပုန်အဖွဲ့တွေကြား စေ့စပ်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ကာလကြာရှည် မအောင်မြင်ဘဲဖြစ်နေခဲ့ရာမှာ၊ ဇိုရမ်ထန်ဂါကို နေပြည်တော်နဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့က ဖိတ်ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇိုရမ်ထန်ဂါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ကို လာရောက်ခဲ့ပြီး၊ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။