ရေစကြို နေရင်းရွာသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး
2022.01.21
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ နေရင်းရွာကို ဇန်နဝါရီလ ၂၁ ရက် ဒီနေ့မနက် ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာချိန် ပစ်ခတ် ခံရတာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၅ နှစ်အရွယ် ဦးစိန်ဝိုင်း ဖြစ်ပြီး အမျိုးသမီးတစ်ဦးကတော့ လက်မောင်းမှာ ဒဏ်ရာရသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"နေရင်းက တစ်ယောက်ဆုံးသွားတယ်။ ပစ်ကြခတ်ကြတဲ့အချိန်မှာ မဟုတ်ဘူး သူတို့ရမ်းပစ်တဲ့အချိန်မှာ ထိသွားတာ"
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက် မနေ့ညနေ ၃ နာရီခန့်ကတော့ နေရင်းကျေးရွာနဲ့ မင်းရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းရွာမှာစခန်းချပြီး နေရင်းအပါအဝင် အနီးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းလှုပ်ရှားနေတဲ့တွက် ဒေသခံရွာသားတွေ ထွက်ပြေး နေကြရတယ်လို့လည်း ပြောပါတယ်။