မလေးရှားက မြန်မာအကျဉ်းသား ၇ဝဝ အိမ်ပြန်လာတော့မယ်
2016.07.23

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို မလေးရှားနိုင် ငံ မြန်မာသံရုံးအစီအစဉ်နဲ့ သြဂုတ်လ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
ဖိုးလမင်းထရေးဒင်းကုမ္ပဏီဒါရိုက်တာ ဦးစိုးမိုးနိုင်နဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက် သားသမီးနာရေး ကူညီမှုအသင်း ဥက္ကဌ ကိုစန်းဝင်းက ပြောပါတယ်။
"ဖိုးလမင်းထရေးဒင်းကုမ္ပဏီက အုပ်ချုပ်ရေးမှူး ဒါရိုက်တာ ဦးစိုးမိုးနိုင်က မလေးရှားနိုင်ငံကို လာတုန်း တွေ့လိုက်တဲ့အခါမှာမြန်မာသံရုံးနဲ့ ဆက်သွယ်ပြီး ထောင်ထဲမှာအကျဉ်းကျနေတဲ့ အလုပ်သမား ၇၀၀ နီးနီးပေါ့လေ၊ ၃ ရက်နေ့ ၈ လပိုင်း ၂၀၁၆ ကစပြီး လွှတ်ပေးမှာပါ၊ လေယာဉ် ၅ စီးခန့်နဲ့ပါ"
အဲ့ဒီထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၃ထောင် နီးပါးရှိပြီး ပြစ်ဒဏ်ခံယူပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အများစုဟာ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်။
ပြစ်ဒဏ်ခံယူပြီးသူတွေဟာ မြန်မာပြည်ကို ပြန်လည်ပို့ဆောင်မယ့်အချိန်ထိ အကျဉ်းစခန်းမှာပဲ ဆက်လက်နေထိုင် ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို မလေးရှားနိုင် ငံရောက် မြန်မာပရဟိတ လူမှုကူညီမှု အသင်းတွေစုပေါင်းပြီး မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ် ပါတယ်။