မလေးရှားထောင်က မြန် မာတွေပြန်ခေါ်ဖို့ အစိုးရစီစဉ်
2016.07.26

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃ထောင်ကျော်ကို လာမယ့် သြဂုတ်လဆန်းကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ဆောင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေမေးမြန်းမှုကို ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"သူတို့မှာပြန်လာဖို့ လေယာဉ်စရိတ်မရှိဘူး၊ ရင်းဂစ် ၆၀၀ ကျော်လောက် အစိုးရကိုသွင်းရတယ်၊ အဲ့ဒါတွေကို အစိုးရအစီအစဉ်၊ အလှူရှင်တွေရဲ့အစီအစဉ်တွေနဲ့ ဖြေရှင်းပေးတာ၊ အဓိက အခက်အခဲ ကတော့ လာမယ့်သူတွေဟာ ကိုယ့်နိုင်ငံကဟုတ်မဟုတ်၊ အဲ့ဒါကိုစစ်ဆေးရမယ်၊ လေယာဉ်စရိတ်နဲ့ မလေးရှားအစိုးရကို သွင်းရမယ့်စရိတ် ဒါလေးအခက်အခဲရှိပါတယ်"
ထိန်းသိမ်းရေးစခန်းတွေက မြန်မာအလုပ်သမားတွေကို ပြန်ခေါ်မယ်ဆိုရင် မလေးရှားအစိုးရထံ အလုပ်သမား တစ်ယောက်အတွက် မလေးငွေ ရင်းဂစ် ၆၀၀ ကျော် ပေးသွင်းရသလို လေယာဉ်စရိတ်တွေလည်း လိုအပ်တယ်လို့ ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
ကမ္ဘောဇလေကြောင်းလိုင်းက ကူညီပေးမှာဖြစ်ကြောင်း ကမ်းလှမ်းထားတယ်လို့လည်း ပြောပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ၊ ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ သတ်မှတ်တာကို ပြန်လည်သုံးသပ်ပေးဖို့ နဲ့ ပြည်တွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ အခွန်ပေးဆောင်မှု အခြေအနေတွေကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
အဲ့ဒီမေးခွန်းတွေကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာမှာ အနည်းဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ချက် ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ အလုပ်ရှင်၊ အလုပ်သမားအခြေအနေတွေကို စောင့်ကြည့်လေ့ လာနေတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် နိုင်ငံခြားသားအလုပ်သမားဥပဒေကို ရေးဆွဲနေကြောင်း နဲ့ ပြည်တွင်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လိုအပ်ချက်ကို အကူအညီပေးဖို့ တိုင်ကြားရေးဌာနတွေ ကို နေပြည်တော်နဲ့ ရန်ကုန်မှာ ဖွင့်လှစ်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။