မြန်မာ့လူဦးရေ ၅၁ သန်းကျော် ရှိကြောင်း စစ်ကောင်စီထုတ်ပြန်
2024.12.31

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော် (၅၁,၃၁၆,၇၅၆) ရှိကြောင်း စစ်ကောင်စီရဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီဇင်ဘာ ၃၁ ဒီနေ့မှာ ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ထုတ်ပြန်ပါတယ်။
အမှန်တကယ် စာရင်းကောက်ယူနိုင်တဲ့ လူဦးရေက ၃၂ သန်းကျော် (၃၂,၁၉၁,၄၀၇) ဖြစ်ပြီး လူဦးရေ ၁၉ သန်းကျော် (၁၉,၁၂၅,၃၄၉) ကိုတော့ ခန့်မှန်တွက်ချက်ထားတာလို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရာမှာ လုံခြုံရေးအခြေအနေအရ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၄၅ မြို့နယ်ကိုပဲ ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်တဲ့မြို့နယ်က ၁၂၇ မြို့နယ်ရှိခဲ့ပြီး ၅၈ မြို့နယ်ကိုတော့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခုဖော်ပြတဲ့ မြန်မာနိုင်ငံ လူဦးရေစာရင်းကို ပင်မအစီရင်ခံစာ ထုတ်ပြန်ပြီးစီးချိန်အထိ ရှေ့ပြေးလူဦးရေ ကိန်းဂဏန်းအဖြစ် အသုံးပြုသွားမယ်လို့လည်း စစ်ကောင်စီ ပြည်သူ့အင်အား ဦးစီးဌာနက ဖော်ပြပါတယ်။
၂၀၁၄ ခုနှစ်က ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းကျော် (၅၁,၄၈၆,၂၅၃) ရှိခဲ့ပြီး အခုစစ်ကောင်စီက ကောက်ယူတဲ့ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သိန်းနီးပါး (၁၆၉၄၉၇) လျော့နည်းသွားပါတယ်။
သန်းခေါင်းစာရင်း ကောက်ယူချိန်မှာ ပြည်သူတွေဘက်ကလည်း လုံခြုံရေးကိုစိုးရိမ်ပြီး အချက်အလက်တွေကို တိတိကျကျ မဖြေဆိုတာတွေရှိခဲ့လို့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းရလဒ်ဟာ ရာနှုန်းပြည့် မှန်ကန်မှုမရှိနိုင်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် စောင့်ကြည့်လေ့လာသူတွေက ထောက်ပြထားကြပါတယ်။
စစ်ကောင်စီကတော့ လာမဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး သန်းခေါင်စာရင်း အချက်အလက်တွေကို မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁ ရက်နေ့မှာ ပြောထားပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူချိန် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာတွေနဲ့ ရှိခဲ့ပါတယ်။