မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်သာရှိ
2014.08.30

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ စုစုပေါင်း ၅ ခရိုင်ရှိပါတယ်၊ ၅ ခရိုင်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ လူမျိုးစုတွေ ရောနှောနေတဲ့နေရာဖြစ်ပါတယ်၊ ၂ ခရိုင် မှာကတော့ အဲဒီမှာရှိတဲ့ ဘင်္ဂါလီများကလည်း ဘင်္ဂါလီ ဆိုတဲ့နာမည်နဲ့ ကောက်ခံလို့ပြဿနာမရှိဘူး၊ ၃ ခရိုင် မှာတော့ ရိုဟင်ဂျာအရေးတောင်းဆိုမှုနဲ့ ကျနော်တု့ိ ဒီနေရာတွေမှာ စာရင်းကောက်လို့မရဘူး၊ ကချင်ပြည် နယ်မှာ ကျေးရွာအုပ်စုပေါင်း ၆ဝဝ နီးပါးရှိတယ်၊ အဲဒီ မှာ ၂၅ အုပ်စု ကေအိုင်အေဌာနချုပ်တွေ စိုက်ထားတဲ့နေရာတွေမှာ ကောက်လို့မရဘူး၊ ကောက်ယူရန်ညှိနှိုင်းသော် လည်း ကောက်ခွင့်မရဘူးပေါ့၊ ကေအဲန်ယူနယ်မြေမှာတော့ ဖာပွန်မှာရှိတဲ့ တပ်မဟာ ၅ နေရာကွက်လေး နည်းနည်းလေးပဲကျန်ခဲ့တယ်"
လက်ရှိထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံအချိန်ထိ မြန်မာနိုင်ငံအတွင်း နေထိုင်နေ သူတွေကို ကောက်ခံထားတဲ့ ရှေ့ပြေးကနဦး လူဦးရေစာရင်းဖြစ်ပါတယ်။ နောက်ဆုံးအစီရင်ခံစာကို ၂၀၁၅ မေလ နောက်ဆုံးထားပြီး အတိအကျ စာရင်းထုတ်ပြန်မယ်လို့ ဦးခင်ရီက ပြောပါတယ်။ လက်ရှိကောက်ယူ ထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသား ၂၄ သန်းနဲ့ အမျိုးသမီးက ၂၆ သန်းနီးပါးရှိပြီး၊ အမျိုးသမီးဦးရေက ၁ ဒသမ ၇ သန်း ပိုများတယ်လို့လည်း ပြောပါတယ်။
အဲဒီကိန်းဂဏန်းအရ မူလခန့်မှန်းထားခဲ့တဲ့ သန်း ၆၀ ထက် ၉ သန်းနီးပါး လျော့နည်းနေပါတယ်။ လူဦးရေ သန်း ၆၀ ခန့်မှန်းချက်ဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် ကောက်ခံခဲ့တဲ့ ၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းရလာဒ်ကို အခြေခံပြီးခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မွေးဖွားနှုန်း ကျဆင်းလာတာကလည်း ခန့်မှန်းချက် ထက် လျော့နည်းရတဲ့အကြောင်းတစ်ခုဖြစ်ကြောင်း၊ ဒါ့ပြင် ရခိုင်ပြည်နယ် အနောက်ပိုင်း တချို့နေရာတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နေရာတချို့မှာ သန်းခေါင်စာရင်း မကောက်ယူနိုင် တာကြောင့် လူဦးရေ တစ်သန်းကျော်မပါဝင်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောဆိုပါတယ်။
သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်ကနေ ဧပြီ ၁ဝ ရက်အထိ တစ်နိုင်ငံလုံးမှာ ကောက်ခံခဲ့ပြီး သွားလာရေးခက်ခဲတဲ့နေရာတွေနဲ့ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသတွေမှာ ဇွန်လလယ်အထိ ဆောင်ရွက်ခဲ့ပါ တယ်။ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းမှာ စကာၤပူ၊ ဆွစ်ဇာလန်၊ ကွန်ဂို၊ ဆွီဒင်စတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက လူဦးရေစာရင်း ကောက်ယူမှုဆိုင်ရာ ပညာရှင်တွေက အကူအညီပေးခဲ့ကြပြီး၊ ပင်မအစီရင်ခံစာ ထွက်ပေါ်လာဖို့အတွက် ကမ္ဘာ့ဘဏ်က ကူညီမယ်လို့ သိရပါတယ်။