နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ ရွှေပြည်သာမှာ ကျင်းပ
2014.04.17

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၁ဝ ရပ်ကွက်မှာရှိတဲ့ စိတ္တသုခ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းမှာ မြန်မာ့နှစ်ဆန်း ၁ ရက်ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းက သက်ကြီးရွယ်အို ၃ဝ လောက်ကို ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။
စိတ္တသုခ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်တေဇောသရ ဆရာတော်ဟာ မိဘမဲ့ကလေး ၅ဝ လောက်ကို ပညာသင်ကြားပေးနေသလို ရွှေပြည် သာ ၂၀ ရပ်ကွက်မှာ ဒကာ ဒကာမတွေ အခက်အခဲတွေကိုလည်း ကူညီပံ့ပိုးနေတယ်လို့ သိရပါတယ်။ သက်ကြီးရွယ်အို ပူဇော်ပွဲမှာ ဆရာတော် အရှင်တေဇောသရက အခုလို ဆုတောင်းမေတ္တာ ပို့သပေးခဲ့ပါတယ်။
"သတ္တဝါတွေအေးချမ်းဖို့ အားလုံးသော ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကမ္ဘာလောကသားတွေရော မြန်မာနိုင်ငံသူ နိုင်ငံသားတွေရော အေးချမ်းမှုရဖို့အတွက် မိမိတို့ရဲ့ရင်ထဲမှာ အားလုံးရဲ့ရင်ထဲမှာ မေတ္တာတရားတွေကိန်းဝပ်အောင် မေတ္ထာတရားတွေတည်ရှိအောင် ကြိုးစားအားထုတ်သင့်တယ်လို့ တစ်ဦးနဲ့တစ်ဦး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနဲ့ ဝမ်းပန်းတသာနေ ထိုင်ပြီးတော့ အေးအေးချမ်းချမ်းလေးနဲ့ လောကီချမ်းသာသုခကို ရရှိနိုင်ပါစေ"
ဒီနေ့ သက်ကြီးပူဇော်ပွဲမှာ အသက် ၇ဝ ကျော် အဘိုးအဘွားတွေအတွက် ၁ ယောက်ကို ငွေ ၅ သောင်းကျော်နဲ့ တစ်ခြားအသုံးအဆောင်ပစ္စည်းတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ သက်ကြီးပူဇော်ပွဲကို ရွှေပြည်သာမြို့နယ်က ထာဝရမေတ္တာလူငယ်အဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။