စစ်တပ်အုပ်ချုပ်မှုကို မြန်မာပြည်သူတွေ လက်မခံတော့ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

မြန်မာပြည်ရဲ့ နောက်ဆုံးပကတိ နိုင်ငံရေးအခြေအနေမှန်အရ မြန်မာပြည်သူတစ်ရပ်လုံးက စစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံကြတော့ကြောင်းနဲ့ ပြောင်းလဲမှုတွေကို တောင်းဆို နေကြပါပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ကုလအထွေထွေညီလာခံမှာ အောက်တိုဘာလ ၂၅ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကူညီရေး ပဋိပက္ခတွေကြောင့် ပြည်သူတွေ အမြောက်အမြား ဆက်လက်အသက်ဆုံးပါးနေပြီး ဒေသအတွင်း အခြေအနေတွေကို အကြီးအကျယ် ထိခိုက်နေကြောင်း၊ မြန်မာပြည်သူ ၁၃ သန်းကျော် အစားအစာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး လူ ၁၃ သိန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းနဲ့ လူဦးရေ ၄ဝ % ခန့်ဟာ ကမ္ဘာ့ဆင်းရဲမွဲတွေမှု သတ်မှတ်ချက် အဆင့်ထက် နိမ့်ကျနေပြီဖြစ်တယ်လို့လည်း ကုလသမဂ္ဂအထွေထွေ ညီလာခံကို တင်ပြတဲ့ သူမရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အစိုးရကလည်း ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရေးနဲ့ ကူညီရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ မိမိကို မေတ္တာရပ်ခံခဲ့ကြတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လူနေဒေသတွေကို ဗုံးကြဲခြင်း၊ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခြင်းစတဲ့ လုပ်ရပ်တွေကို အင်အားအလွန်အကျွံသုံး ကျူးလွန်နေကြောင်းနဲ့ ကချင်ပြည်နယ်က အခမ်းအနားတစ်ခုကို ဒီရက်ပိုင်း ဗုံးကြဲလို့ အရပ်သားတွေ အမြောက်အမြား သေဆုံးမှုကိုလည်း ကန့်ကွက်ကြောင်း နိုလင်းဟေဇာက ပြောသွားပါတယ်။
PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရပ်သားတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေကြောင်းနဲ့ ရိုဟင်ဂျာတွေအပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေး ရသူတွေလည်း ခိုကိုးရာမဲ့ ဖြစ်နေကြတယ်လို့ နိုလင်းဟေဇာက သူရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။