မြန်မာအစိုးရကို အမေရိက နဲ့နော်ဝေမှာ ဆန္ဒပြကြ


2015.03.14

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို မြန်မာအစိုးရက အကြမ်းဖက်နှိမ်နင်း တာကို ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာအင် အားစုတွေ လေးရက်မြောက်နေ့ အဖြစ် မနေ့က ဆက်လက်ဆန္ဒပြကြပါတယ်။

ဒီအကြောင်းကို ဆန္ဒပြရာမှာ ပါဝင်တဲ့ Maryland ပြည်နယ်က မအေးသိဂီ ၤကျော်က ပြောပြပါတယ်။

" ၄ ရက်မြောက်ပေါ့၊ အခုဆိုရင်လဲ တချို့ကျောင်းသားတွေကို ထုတ်မပြဘူး၊ အဲ့လိုမျိုးတွေရှိနေဦး မယ်၊ ကျောင်းသားတွေအားလုံး မလွှတ်မချင်းအထိ တတ်နိုင်သလောက် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"

ဝါရှင်တန်ဒီစီနဲ့ အနီးနားက Maryland နဲ့ Virginia ပြည်နယ်တွေက မြန်မာတွေ လာရောက်ဆန္ဒပြကြတာပါ။

ဒီလိုပဲ နယူးယောက်မြို့နဲ့ အနီးဝန်းကျင်က မြန်မာတွေကလည်း မြန်မာကောင်စစ် ဝန်ရုံးရှေ့မှာ မနေ့က ဆန္ဒပြကြ ပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မြို့မှာလည်း မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ လူ့အခွင့်အရေးနေ့ မနေ့က ကျင်းပပါတယ်။

မြန်မာမိသားစုတွေ ကမကထလုပ်ကျင်းပတဲ့ အဲ့ဒီ အခမ်းအနားမှာ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေ တဲ့ ကျောင်းသားတွေကို မြန်မာအစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြ ပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာအစိုးရကို နော်ဝေးအစိုးရက ထိထိရောက်ရောက် ဖိအားပေး ဖို့ မြန်မာနိုင်ငံသားတွေ အော်စလိုမြို့မှာ မနေ့က ဆန္ဒပြကြပါတယ်။ပါလီမန်ရှေ့မှာ ဆန္ဒပြကြတာလို့ ပွဲစီစဉ်သူတစ်ဦးဖြစ် တဲ့ ကိုမြင့်အေးက ပြောပါတယ်။

"ရှင်းရှင်းပြောရရင်တော့ဗျာ၊ ရဲပါမစ်မရသေးဘူးပေါ့ဗျာ၊ လွယ်လွယ်ပြောရရင် ဒါပေမဲ့ကျနော်တို့က သူတို့ကို အကြောင်းကြားထားပြီးသားဖြစ်တော့ ပါလီမန်ရှေ့မှာ ပထမပိုင်း နာရီဝက်လောက်မှာ ပိုစတာတွေ၊ အလံတွေ၊ ကိုင်ပြီးရပ်နေကြတယ်၊ လူကတော့ ၃၀ ကျော်ရှိတယ်၊ EU ပေါ့၊ မင်းကတော့ ဗမာပြည်ရဲတွေကို မင်းတို့အကူ အညီပေးနေတယ်၊ တကယ်တန်းတော့ သူတို့က ငါတို့ကိုရိုက်နှက်နေတယ်၊ အဲ့တော့မင်းတို့ ဘာလုပ်မလဲ၊ နောက်တစ်ခါ အကြမ်းဖက်မှုတွေကိုရပ်ပေါ့၊ ကျောင်းသားတွေကို အကြမ်းဖက်မှုတွေကိုရပ်ပါ ဆိုတဲ့ဟာမျိုးပေါ့၊ "

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းတဲ့ စာတွေကို နော်ဝေးပါလီမန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေ၊ နော်ေ၀ Peace Center လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ပေးပို့လိုက်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။