မလေးရှားရောက် မြန်မာတွေဘေး ကင်းရေး သံရုံးသတိပေးညွှန်ကြား
2017.01.09

Photo: Myanmar Embassy in Kuala Lumpur Facebook
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး ဓါးနဲ့ တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်ပိုင်း၊ မြန်မာအလုပ်သမားတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းအောင် နေထိုင်ဖို့ သတိပေးညွှန်ကြားချက်တွေ ထုတ်ပြန်ထားတယ်လို့ ကွာလာလာမ်ပူမြို့ မြန်မာသံရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ကွာလာလာမ်ပူမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အလုပ်က ပြန်လာတဲ့ မြန်မာ အလုပ်သမားအုပ်စုကို မျက်နှာဖုံးစွပ်ထားသူတွေက ဓါးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံသား ၅ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး မြန်မာအမျိုးသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။