ငလျင်အတွက် မြန်မာနိုင်ငံကို WHOကပေးပို့တဲ့ ဆေးပစ္စည်း တန်တစ်ရာနီးပါးရှိလာ
2025.04.03
ငလျင်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပေးပို့တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း တန်ချိန်တစ်ရာနီးပါးရှိပြီလို့ ဧပြီလ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသူတွေကို အရေးပေါ်ကုသဖို့ ဆေးဝါးတွေ၊ ခွဲစိတ်ကရိယာ၊ ကုသရေးပစ္စည်းနဲ့ ရွေ့လျားကျန်းမာရေးတဲတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေကို ထိခိုက်မှု အများဆုံးဒေသတွေကို ဖြန့်ဝေဖို့ ပြင်ဆင်နေပြီး ဆေးရုံတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ WHOရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၂၈ ရက်က မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း ၊နေပြည်တော် နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေကို အရေးပေါ်အခြေအနေကြေညာထားပါတယ်။
ငလျင်လှုပ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းအထိ ငလျင်ကြောင့် ၃၀၈၆ ဦးအသက်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရသူ ၄၇၁၅ ဦးရှိပါတယ်။