စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုး

2022.01.31
စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုး ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော် လွှတ်တော်အဆောက်အဦးရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo: AFP

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို နောက်ထပ် ၆လ သက်တမ်းတိုးဖို့ အာဏာသိမ်းစစ်ကောင်စီက ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ရွေးကောက်ပွဲကျင်းပဖို့ လိုနေသေးတာကြောင့် အရေးပေါ်အခြေအနေ ကာလကို ၆ လ သက်တမ်း ထပ်တိုးဖို့ မနေ့က ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတဲ့အကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်မှတ်နဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ မတိုင်ခင် တစ်ရက်မှာ အခုလို သက်တမ်းတိုးခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ် ဦးဘိုလှတင့်ကတော့ စစ်ကောင်စီက ဆက်ပြီးအုပ်ချုပ်ဖို့ အခုလို သက်တမ်းတိုးတာဟာ တိုင်းပြည်ကို စစ်တပ်က ထာဝရချုပ်ကိုင်ရေး အကောင်အထည်ဖော်နေတာ ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးစုအားလုံး ပါဝင်တဲ့ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင် ကြီးစိုးမှုကို ပြတ်ပြတ်သားသား အဆုံးမသတ်နိုင်သရွေ့ မတရားအာဏာယူမှုကို ဆက်ပြီး ကြုံတွေ့နေရလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန်တစ်နှစ်အတွင်း စစ်ကောင်စီဟာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို မရသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ ဖိအားပေးမှုတွေ တနေ့တခြား ကြုံနေရပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ် အရှိန်အဟုန်ဟာလည်း တစ်နှစ်အတွင်း မြင့်မားလာခဲ့သလို စစ်ဘေးဒုက္ခသည်တွေနဲ့ အထွေထွေ အကျပ်အတည်းဟာလည်း ပိုပြီးများလာ နေတာကြောင့် ပိုကြီးမားတဲ့ အကျပ်အတည်းတွေ ကြုံလာမယ့်အရေး ကုလသမဂ္ဂက သတိပေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။