မြန်မာကောင်စစ်ဝန်ရုံး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွင့်လှစ်


2015.07.29
myanmar-consular-office-620.jpg ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချူပ်ကြီး Thanasak Patimaprakorn နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် တို့ကို ဇူလိုင်လ ၃ဝ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးဖွင့်ပွဲမှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ကိစ္စတွေကို ကူညီဖြေရှင်းဆောင် ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာကောင်စစ်ဝန်ရုံးကို ဒီနေ့ မနက်က တရားဝင် ဖွင့်လှစ်လိုက် ပါတယ်။

ကောင်စစ်ဝန်ရုံးကို လာရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် က ဒီရုံးကြောင့် မြန်မာနိုင်ငံသားတွေအတွက်သာမက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ အကျိုးရှိစေမှာဖြစ်တယ် လို့ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့က ဒီထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုလည်းကျယ်ပြန့်လာတယ်၊ တချိန် ကလည်းပဲ သမိုင်းကြောင်း တစ်လျှောက်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပါတယ်၊ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီးတော့ ကျနော်တို့သံတမန် ထူထောင် လာခဲ့တာပေါ့၊ အထူးသဖြင့်တော့ ဒီမြောက်ပိုင်းမှာ ရှိနေတဲ့ ချင်းမိုင်လိုဒေသ ဟာ မြန်မာနိုင်ငံသားတွေလည်း အများအပြားလာရောက်ပြီးတော့ အလုပ်အကိုင်လုပ် ကြတယ်၊ မှီတင်းနေထိုင်ကြ တယ်၊ နယ်နိမိတ်ချင်းလည်း ဆက်စပ်နေတဲ့အခါကြတော့ ဒီရှေ့လျှောက်ပြီးတော့ ပိုမိုပြီးတော့ ပွင့်လင်းလာ တဲ့ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်မှု၊ ဆက်ဆံမှုတွေမှာ ပိုပြီးတော့ ထိရောက်အောင် ဒီဒေသမှာရှိနေ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကိုလည်း ပိုမိုဆောင်ကြည်းပေးနိုင်အောင်အတွက် ဒီမှာ ကောင်စစ်ဝန်ရုံးလာဖွင့် တာ ဖြစ်ပါတယ်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်ပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်"

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကလည်း ဒီကောင်စစ်ဝန်ရုံးဟာ မြန်မာအလုပ်သမားတွေရဲ့ အခွင့် အရေးတွေကို အပြည့်အ၀ ကာကွယ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးကို ထိုင်းဒုတိယဝန်ကြီးချူပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချူပ်ကြီး Thanasak Patimaprakorn လည်း တက်ရောက်ခဲ့ပြီး အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကောင်စစ်ဝန်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို ၁၉၆၀ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပြန်လည်ရုပ်သိမ်းထားခဲ့ရာကနေ  ဒီကနေ့မှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။