မြန်မာက မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုတွေကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

RFA Burmese
2023.05.26
မြန်မာက မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုတွေကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တစ်နေရာကို ၂ဝ၁၈ ခုနှစ် သြဂုတ်လက တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင် တင်သွင်းနေတာကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်ခြားစောင့်တပ် တာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။

WY လို့ခေါ်တဲ့ ယာဘဆေးပြားနဲ့ Ice လို့ ခေါ်ကြတဲ့ Crystal meth တွေ မြန်မာနိုင်ငံကနေ ဝင်နေတာကို စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ မေ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေရဲ့ တပ်မှူးအဆင့် အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ၊ ကော့ဘဇားဒေသ စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် Nazm-Us-Sakib က မူးယစ်ဆေးဝါးအန္တရာယ်ကို စိုးရိမ်ကြောင်း ပြောလိုက်တာလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနက ဖော်ပြပါတယ်။

အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အာမခံခဲ့ကြောင်းဆိုပါတယ်။

မူးယစ်ဆေးဝါးကိစ္စအပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေရဲ့ တပ်မှူးအဆင့် အစည်းအဝေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး

အဲဒီအစည်းအဝေးကို စစ်ကောင်စီဘက်က မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေကြား Ice လို့ ခေါ်ကြတဲ့ Crystal meth တွေ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၆၅ ဂရမ်၊ ၂၀၂၁ ခုနှစ်က ၃၇ ကီလိုဂရမ်နီးပါးနဲ့ ၂၀၂၂ ခုနှစ်က ၁၁၃ ကီလိုဂရမ်ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီနှစ် ၂၀၂၃ ခုနှစ် ပထမ လေးလခွဲအတွင်းမှာတင် ကီလိုဂရမ် ၁၀၀ ကျော်သိမ်းဆည်းရမိခဲ့တာကြောင့် မူးယစ်ဆေးဝါးအန္တရာယ်က တိုးလာနေတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ တပ်မှူးအဆင့် အစည်းအဝေးမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ပိုင်နက်ကျူးကျော်မှု ရပ်တန့်ရေး၊ နယ်စပ်လုံခြုံရေး ပူးတွဲကင်းလှည့်ရေးကိစ္စအပါအဝင် နယ်စပ်ဆက်ဆံရေးရုံး ပြန်လည်ထူထောင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။