မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ

မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်းရရှိပါတယ်။

2012.06.26
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဖမ်းဆီးရမိသည့် လက်နက် မျိုးစုံ (၄၇) လက်ကို ထိုင်းအာဏာပိုင်များက ပြသနေစဉ်။
RFA

အဲဒီ လက်နက်တွေဟာ ရွှေတြိဂံနယ်မြေက လာတာဖြစ်ပြီး ထိုင်းလက်နက် ရောင်းဝယ်သူတွေဆီက တဆင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို ရောင်းချမယ်လို့ ယူဆရကြောင်း ထိုင်းရဲက ပြောပါတယ်။

RPG လောင်ချာ ၁၂ လက်နဲ့ ဗုံးသီး ၉ လုံး၊ AK 47 မောင်းပြန်ရိုင်ဖယ် ၁၇ လက်၊ M 79 လောင်ချာ ၁၂ လက်နဲ့ M 16 မောင်းပြန်ရိုင်ဖယ် ၆ လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့တာဟာ လက်နက်ရောင်းဝယ်သူ တချို့ဆီက ရရှိတဲ့သတင်းအရ နယ်မြေခံစစ်တပ် အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စောင့်ကြည့်နေခဲ့ တာဖြစ်ပြီး မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်အတွင်း မသင်္ကာဖွယ် နေအိမ်တစ်အိမ်ကို ဝင်ရောက် စစ်ဆေးခဲ့ရာက အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနဲ့ အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ် တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ထိုင်း မြန်မာနယ်စပ်အနီးက ပြောင်းဖူးစိုက်ခင်းဆီကို သယ်ယူ ပို့ဆောင်ပေးဖို့အတွက် သူ့ရဲ့နေအိမ်မှာ ခေတ္တသိမ်းဆည်းထားတာဖြစ်ပြီး သယ်ပို့ခအဖြစ် တစ်ခေါက်ကို ထိုင်းဘတ်ငွေ တစ်သောင်း ရရှိကြောင်း၊ အရင်ကလည်း တစ်ခေါက်သယ်ပို့ ပေးခဲ့ဖူးကြောင်း ထွက်ဆိုခဲ့တဲ့အတွက် ဥပဒေအရ အရေးယူထားတယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြော ဆိုပါတယ်။

တဆက်တည်းမှာပဲ တာချီလိတ်နဲ့ မယ်ဆိုင်ကြားက မယ်ဆိုင်ချောင်းအနီးမှာ မြန်မာနိုင်ငံဘက်က ကူးဖြတ်လာသူ တစ်ဦးကို ထိုင်း အမှတ် (၃) မြင်းတပ်က တားဆီးစစ်ဆေးခဲ့ရာမှာ ဟီးရိုးအင်း ဘိန်းဖြူ (၃) ကီလိုကျော်ပါတဲ့ အိတ်ကိုသာ ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူကတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ထိုင်း စစ်တပ်အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။