မူဆယ်မှာ ဗြုန်းကျောက်သယ်ယူဖို့ အခက်အခဲဖြစ်နေ

RFA Burmese
2024.11.14
မူဆယ်မှာ ဗြုန်းကျောက်သယ်ယူဖို့ အခက်အခဲဖြစ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အထက်တုန်ခန်ရွာမှ ဗြုန်းကျောက်လုပ်ငန်းခွင်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နန့်ခွမ်ရွာမှာ ဗြုန်းကျောက်တွေ သယ်ယူဖို့အတွက် ကျေးရွာအာဏာပိုင်ရဲ့ခွင့်ပြုချက်ရယူရတာကြောင့် ကျောက်သယ်ကားသမားတွေ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

ဗြုန်းကျောက်တွေကို အုတ်လုပ်ရာမှာ အသုံးပြုကြပြီး မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလကတည်းက ဗြုန်းကျောက်တောင်တွေ ပိတ်ထားခဲ့ပါတယ်။ အခုနှစ် နိုဝင်ဘာလဆန်းမှ ပြန်ဖွင့်ခဲ့ပေမယ့် အရင်လို ကျောက်တောင်ရှိတဲ့ နေရာကို မသွားယူရတော့ဘဲ ကျေးရွာဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရမှ သယ်ယူရတယ်လို့ အမည်မဖော်လိုတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

“နမ့်ခွမ်စာသင်ကျောင်းဝန်းထဲမှာ သူတို့အဲ့မှာ လာပုံပေးထားတယ်။ တခါတလေ စစ်တပ်တွေ လာကြိုတယ်။ သူတို့လာကြိုမှပဲ သွားခွင့်ရတယ်။ ကြိုတင်အကြောင်းပြီး သူတို့ လာကြိုမှ သွားသယ်လို့ရတယ်။ အခက်အခဲတော့ အများကြီးကြုံတယ်။ သိတဲ့သူတွေက သွားကြတယ်။ တစ်ချို့သူတွေဆို မသွားရဲကြဘူး”

တိုက်ပွဲမဖြစ်ခင်က ဗြုန်းကျောက်သယ်ဖို့အတွက် ကျောက်တောင်တွေရှိရာ အထက်တုန်ခန်၊ ကျင်စန်းကျော့ သွားတဲ့ လမ်းဘက်မှာ သွားယူရပေမယ့် လက်ရှိမှာတော့ နမ့်ခွမ်ရွာက စာသင်ကျောင်းမှာ စုပုံထားတယ်လို့ ပြောပါတယ်။

နမ့်ခွမ်ကျေးရွာဟာ မူဆယ်မြို့နဲ့ တစ်မိုင်လောက်သာဝေးပြီး စစ်ကောင်စီရဲ့ အမှတ် (၄၂၀) ခြေမြန်တပ်ရင်း အထိုင်ချထားတဲ့ နေရာလည်း ဖြစ်တာကြောင့် မသွားရဲကြဘူးလို့လည်း အဲဒီကားသမားက ပြောပါတယ်။

“ဒီလိုလုပ်နေရတော့ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်တယ်။ တစ်ချို့တွေ ဖုန်းမဆက်ရဲဘူး။ အဲ့ဒါနဲ့ မသွားရဲကြတော့ဘူး။တစ်ချို့ တရုတ်ဆိုရင် မသွားရဲတဲ့သူတွေရှိတယ်။ အများကြီးပဲ။ ဘာလို့မသွားရဲကြတာလဲဆိုတော့ စစ်သားတွေ ဘာတွေ များတယ်ဆိုတော့ တစ်ချို့ လည်း ဒီတိုင်းနေရင်းနဲ့ ကြောက်ကြတာပေါ့နော်။ တစ်ချို့ဆို ကြောက်ရင်းနဲ့ အလုပ်လည်းမဖြစ်တော့ဘူး။ ကားသမားတွေက ဒါနဲ့ပဲ လုပ်စားကြတယ်လေ။ ဒီလိုမျိုး ထွက်လာတော့ မသွားရဲကြတော့ မလုပ်ကြတော့ဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခွမ်ရွာဥက္ကဋ္ဌကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး မစခင်ကာလမှာ အုတ်လုပ်တဲ့ ဗြုန်းတစ်ကျင်းကို တစ်သောင်းကိုးထောင် ဝယ်ယူရပေမယ့် တိုက်ပွဲဖြစ်ပြီး တစ်နှစ်ကြာပြီးနောက်ပိုင်း ပြန်ဖွင့်လာတဲ့ချိန်မှာတော့ ဗြုန်းတစ်ကျင်းကို တစ်သိန်းကိုးသောင်းနဲ့ ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။