မူဆယ်မှာ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းဆီးခံရ

RFA Burmese
2024.12.17
မူဆယ်မှာ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းဆီးခံရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို စစ်ကောင်စီ အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းစဉ် တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းမိတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက မူဆယ်မြို့ စွမ်စော်ရပ်ကွက်အပါအဝင် မြို့နေရာအနှံ့ကို လိုက်လံရှာဖွေစီးနင်းစဉ် ဖမ်းဆီးခံရတာလို့ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တရုတ်နိုင်ငံသား အယောက် နှစ်ဆယ် မိတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ တရုတ်နိုင်ငံဘက်ကို လွှဲမယ်လို့ သိထားတယ်။ မြန်မာနိုင်ငံသားတွေလည်း မိတယ်။ အရေအတွက်တော့ မသိရသေးဘူး"

စစ်ကောင်စီအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ရှာဖွေစဉ် အွန်လိုင်းငွေလိမ်ဂိုဏ်းအတွက် လုံခြုံရေးယူပေးထားတဲ့ ဟေမိုးလုံ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဒီဖြစ်ရပ်ကိုသိရှိတဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

"ဟေမိုးလုံ အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တာ။ ဝင်ရှာတဲ့အချိန်မှာ အချင်းချင်း ပစ်ကြတာ။ ငါးယောက် ဒဏ်ရာရသွားတယ်"

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်လည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဒီဇင်ဘာလ ၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို စစ်ကောင်စီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

စက်တင်ဘာလအတွင်းကလည်း မူဆယ်မြို့ မင်္ဂလာမူဆယ်ရပ်ကွက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီတပ်က စီးနင်းစဉ် တရုတ်နိုင်ငံသား ၃၁၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။