ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝဝ ကျော်ကို တရုတ်ပြန်ပို့

RFA Burmese
2024.11.23
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝဝ ကျော်ကို တရုတ်ပြန်ပို့ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် မူဆယ်မြို့မှာ တရုတ်အာဏာပိုင်များမှ စစ်ကောင်စီထံ လွှဲပြောင်းပေးနေစဉ်။
Shwe Phee Myay News Agency

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အထူးဒေသ (၁) က ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဝဝ ကျော်ကို တရုတ်အာဏာပိုင်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က စစ်ကောင်စီထံ နိုဝင်ဘာ ၂၃ ရက်ညမှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။

တရုတ်အစိုးရက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ၂ ဦးကို မူဆယ်မြို့ကို ပြန်ပို့ချိန်မှာ စစ်ကောင်စီ တပ်မ ၉၉ တပ်မမှူး က လက်ခံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ တရုတ်စစ်တပ်ဘက်က လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပြောင်းပေးခဲ့တာ တွေ့ရပါတယ်။ 

ဒီအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။

တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၂ဝ ရက်နေ့က သိမ်းယူခဲ့တာပါ။

ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂ဝရက်နေ့မနက်အစောကတည်းက KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညပိုင်းမှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိ မူဆယ်မြို့ကိုတော့ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်ပြီး အခုချိန်မှာတော့ စစ်ရေးငြိမ်သက်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။