တရုတ်ကိုသွားတဲ့ အလုပ်သမား ငါးရာကျော် မူဆယ်မြို့မှာ ပိတ်လှောင်ခံထားရ
2024.12.24
တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား ငါးရာကျော် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ပိတ်လှောင်ခံထားရပြီး အခက်အခဲကြုံတွေ့နေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၂၄ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
မူဆယ်မြို့မှာ အခက်အခဲကြုံနေသူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတွေ အများဆုံးပါဝင်ပြီး မူဆယ်မြို့က သိန်းသန်းချီကားကြီးကွင်းဂိုဒေါင်မှာ ပိတ်လှောင်ခံထားရသူတွေရှိသလို ရပ်ကွက်တချို့က ဂိုဒေါင်တွေမှာလည်း ပိတ်လှောင်ခံထားရသူ အများအပြားရှိတယ်လို့ TNLA က ပြောပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းမှာ နေထိုင်သူတွေကို ပွဲစားတွေက တရုတ်နိုင်ငံမှာ အလုပ်ကောင်းပြီး လစာကောင်းရမယ်လို့ မက်လုံးပေး ပြောဆိုခေါ်ယူထားတာလို့ ဆိုပါတယ်။ ပွဲစားတွေရဲ့ စကားကိုယုံပြီး ရောက်လာသူတွေဟာ ပိတ်လှောင်ခံထားရတာ သုံးလကျော်ရှိနေပြီဖြစ်ပေမဲ့ အခုထိ အလုပ်မရသေးဘဲ အခက်အခဲဖြစ်နေတာပါ။
အစားအသောက်လည်း ပုံမှန်မကျွေးတဲ့အပြင် နေရပ်ကို ပြန်လိုသူတွေကို ပွဲစားတွေက လျော်ကြေးငွေ သိန်း ၆၀ တောင်းနေတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။ ပိတ်လှောင်ခံထားရသူတွေထဲကတချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ကျန်ရှိနေသူတွေ အကူအညီမရဖြစ်နေတယ်လို့ ဆိုပါတယ်။
TNLA ထုတ်ပြန် ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပွဲစားတွေရဲ့ လိမ်လည်မှုတွေ ထပ်မကြုံရအောင် တရုတ်မှာ အလုပ်သွားလုပ်မဲ့ လူငယ်လူလတ်တွေ အထူးသတိပြုဖို့ TNLA က တိုက်တွန်းထားပါတယ်။