ကျင်စန်းကျော့ဂိတ် ဖွင့်ပေးဖို့ တောင်းဆို


2019.01.02
muse-fruit-center-622.jpg မူဆယ်က သစ်သီးဝလံကုန်စည်ဒိုင် ကို မြင်တွေ့ရစဉ်
Photo: Ye Htet/ RFA

တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် ဖရဲနဲ့ သခွားမွှေး သစ်သီးကားတွေ မူဆယ်မြို့မှာ ပိတ်ဆို့နေတာကြောင့် ကုန်သည်တွေမှာ ဆုံးရှုံးနစ်နာမှုတွေများနေတဲ့အတွက် ကျင်စန်းကျော့ဂိတ်ပေါက်ကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ သစ်သီးဝလံကုန်စည်ဒိုင်ကနေ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာပေးပို့တောင်းဆိုထားပါတယ်။

အရင်တုန်းက သစ်သီးကားတွေဟာ ကျင်စန်းကျော့ဂိတ်ပေါက်ကနေ တင်ပို့နေကြရာက ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး အဲဒီဂိတ်ကို ပိတ်လိုက်တဲ့အတွက် သစ်သီးတင်ကားတွေဟာ ကြူကုတ်-ပန်ဆိုင်းလမ်းကနေသာ ပြောင်းလဲတင်ပို့ကြရတာ ဖြစ်ပါတယ်။

ကြူကုတ်-ပန်ဆိုင်းလမ်းဟာ ကျဉ်းမြောင်းပြီး သွားလာရေးအခက်အခဲတွေရှိသလို တရုတ်နိုင်ငံဘက်ကလည်း လုံခြုံရေးကို တင်းကျပ်လိုက်တာကြောင့် တစ်နေ့ကို ကားအစီးရေအနည်းငယ်သာ ဝင်ရောက်နိုင်တော့တဲ့အတွက် ကားတွေပိတ်ဆို့နေတာလည်း ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒီအချက်တွေကြောင့် သစ်သီးကားတစ်စီးကို မြန်မာငွေ သိန်း ၃၀ ကနေ ၄၀ ကြားမှာ ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပန်ဆိုင်းကနေ ၁၀၅ မိုင်အထိ သစ်သီးကားတွေဟာ ၁၄ မိုင်လောက် တန်းစီပြီး ပိတ်ဆို့နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ရောင်းချလိုက်တဲ့ သစ်သီးကားအစီး ၁ ထောင်လောက်ထဲက တစ်စီးမှ မဝင်ရသေးဘူးလို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးအောင်သက်ဦး က ပြောပါတယ်။

"ဒီနေ့ရောင်းလိုက်တဲ့အစီးရေ အစီး ၁ ထောင်လောက်ရှိမယ်၊ ဒီနေ့ရောင်းလိုက်တဲ့ကားအစီးရေ တစ်စီးမှ မဝင်နိုင်ဘူး၊ မနက်ဖြန်တောင်မသေချာဘူး"

အဲလိုသစ်သီးကားတွေ ပိတ်ဆို့နေတာကြောင့် အသီးတွေ မလတ်ဆတ်တော့ဘဲ ပစ္စည်းချတဲ့အခါမှာ ပယ်ရတဲ့ အသီးအရေအတွက်ဟာ ၁၇ တန်ဆံ့တဲ့ ကားတစ်စီးမှာ ၇ တန်လောက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဖရဲနဲ့ သခွားမွှေးတွေကို စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာတစ်နိုင်ငံလုံးက ကုန်သည်တွေဟာ တရုတ်ကိုတင်ပို့တဲ့ ဈေးကွက်ကိုပဲ မှီခိုနေရတာလို့လည်း ပြောကြပါတယ်။

ဒါကြောင့် ဆုံးရှုံးမှုတွေများနေပေမဲ့လည်း ဒီဈေးကွက်ကိုပဲ ရောင်းချနေရတာလို့ မိတ္ထီလာမြို့ကနေ စိုက်ပျိုး ထုတ်လုပ်တင်ပို့နေတဲ့ ဦးဇော်မင်း က ပြောပါတယ်။

"စိုက်ခင်းကနေ တရုတ်ပြည်အရောက်ဆိုရင် ၉ ည ၁၀ ည လောက်ဖြစ်သွားတယ်လေ၊ အဲတော့ ပယ်သီးတွေက ၁၇ တန်တင်လိုက်ရင် ၁၀ တန်ကျန် ကံကောင်းပေါ့နော်၊ ဂျပ်ဖာဖိုးတင် ၁၅ သိန်းလောက်ရှိတယ်ဗျ၊ တရုတ် ဝယ်လက်က ၁၀ တန်ပဲယူသွားမယ်ဆိုရင် ဂျပ်ဖာဖိုးတင် ၆ သိန်း ၇ သိန်းလောက် ဆုံးရှုံးသွားပြီ၊ ဂျပ်ဖာဖိုး လည်းဆုံး၊ ကားခကလည်းတက်၊ ဘာလို့ပို့လဲဆိုရင် ကျနော်တို့က ဒီဈေးကွက်တစ်ခုတည်းရှိပြီး ဒါကိုပဲ မျှော်လင့်ပြီး စိုက်ပျိုးထုတ်လုပ်ထားတာကိုး"

ဂျပ်ဖာဆိုတာဟာ သစ်သီးတွေကို ထုတ်ပိုးတဲ့ ကတ်ထူစက္ကူပုံးတွေကို ခေါ်တာလည်း ဖြစ်ပါတယ်။

အခုလို လမ်းမှာသစ်သီးကားတွေပိတ်နေတာကြောင့် အရင်က ၁၇ တန်ဆံ့တဲ့ သစ်သီးကားတစ်စီးကို ၈ သိန်း ဝန်းကျင်ကနေ အခုတစ်စီးကို ၁၅ သိန်းကျော်ပေးပြီး ငှားနေရတယ်လို့လည်း ကုန်သည်တွေက ပြောကြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝမ်းတွင်းကနေ မူဆယ်ကို ဖရဲသီးတွေတင်ပို့နေတဲ့ ကုန်သည် ကိုရဲမြတ်သော် က အခုလိုပြောပါတယ်။

"ပထမစတင်တော့ ကားက ၈ သိန်းခွဲ၊ အခု ၁၄ သိန်းခွဲလောက်ဖြစ်သွားပြီ၊ ဆုံးရှုံးမှုက ကားတစ်စီးဆို ဂျပ်ဖာဖိုးက ၇ သိန်းလောက်၊ စိုက်ကွင်းထဲက ၂၆ သိန်းခွဲလောက်၊ ကားခက ၆ သိန်းလောက်ဆိုတော့ ကျနော်တို့က သိန်း ၄၀ လောက် ဆုံးရှုံးနေတာ"

အရင်နှစ်တွေက ဖရဲသီးတစ်တန်ကို တရုတ်ယွမ် ၃၀၀၀၊ ၃၅၀၀ လောက်အထိ ဈေးရခဲ့ပေမဲ့ ဒီနှစ်မှာတော့ တစ်တန်ကို အများဆုံး ၂၅၀၀ အထိပဲ ဈေးရတယ်လို့လည်း ပြောကြပါတယ်။ အဲလိုဖြစ်တာဟာ အရင်က ၃၊ ၄ ရက်လောက်နဲ့ မူဆယ်ကို ရောက်တဲ့ခရီးက အခု ၉ ရက်၊ ၁၀ ရက်လောက်အထိ ကြာသွားတာကြောင့် အသီးတွေ မလတ်ဆတ်တော့တဲ့အတွက် ဝယ်လက်တွေဘက်က ဈေးနှိမ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလိုပိတ်ဆို့တာဟာ တရုတ်နိုင်ငံဘက်က လုံခြုံရေးတင်းကျပ်လိုက်တာကြောင့်ဖြစ်သလို အရင်ကပို့နေကျ ကျင်စန်းကျော့ဂိတ်ပေါက် မြန်မာဘက်ကပိတ်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။

အဲဒါကြောင့် တင်ပို့ရောင်းချနေတဲ့တောင်သူတွေ အဆင်ပြေဖို့အတွက် ကျင်စန်းကျော့ဂိတ်ပေါက်ကို ပြန်ဖွင့်ပေးဖို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးဖို့ တောင်းဆိုထား တာဖြစ်ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။