မူဆယ်မှာ မိုင်းကွဲလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
2021.05.28
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့မှာ ဒီနေ့မနက် ၈ နာရီလောက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အနီးနားမှာ ရှိနေတဲ့ လူသုံးဦးလည်း ထိခိုက် ဒဏ်ရာရသွား တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မူဆယ်မြို့ ဆေးရုံအနီး လမ်းမပေါ်မှာ ပုံထားတဲ့အမှိုက်တွေကို သိမ်းနေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အမှိုက်သိမ်းကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ သုံးဦးကတော့ ပေါက်ကွဲမှု ဖြစ်ပွားချိန် ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦး၊ အနီးနား ဆေးဆိုင်က အမျိုးသမီးတစ်ဦးနဲ့ သုံးဘီးမောင်းတဲ့သူ တစ်ဦး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မူဆယ်မြို့ခံ တစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
မေလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း မူဆယ်မြို့ ဆေးရုံရှေ့၊ ပညာရေးမှူးရုံးနဲ့ စရဖရုံး အနီးအနားတွေမှာ မိုင်းပေါက်ကွဲတာတွေ ရှိခဲ့ပေမယ့် ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ မူဆယ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။