အင်းတော် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၈၀၀ ကျော် ထွက်ပြေးနေရ

2022.01.07
အင်းတော် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၈၀၀ ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ၂၀၂၁ နိုဝင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် အင်းတော်မြို့နယ်မှာရှိတဲ့ ဂဟဲရွာကို စစ်တပ်က Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ ဇန်နဝါရီ ၄ ရက်နေ့က လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကလေးသုံးဦး အပါအဝင် လူငါးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂဟဲ၊ ရွာဟောင်း၊ နန်းတောင်၊ ကျော်ရွာ စတဲ့ရွာ လေးရွာက ဒေသခံ ၈၀၀ ကျော်ဟာ ဒီနေ့အထိ အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း ပြောပါတယ်။

"လေယာဉ်က သူ့ဟာနဲ့သူ ဝုန်းတိုင်းဝင်ပြီးတော့ လာပစ်သွားတာ"

စစ်ရဟတ်ယာဉ်နှစ်စီးဟာ ရွာထဲကို လက်နက်ကြီးတွေနဲ့ရော၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂဟဲရွာခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“လက်နက်ကြီးတွေ ဘယ်တုန်းကမှ ပစ်တာလည်းမရှိဘူး။ လေယာဉ်က သူ့ဟာနဲ့သူ ဝုန်းတိုင်းဝင်ပြီးတော့ လာပစ်သွားတာ။ ရွာက အေးချမ်းတယ် အေးချမ်းတဲ့နေရာလာပြီး အကြောင်းမဲ့လာပစ်သွားတာ။ ခါတိုင်း ဆို လေယာဉ်လာရင် ထွက်ကြည့်တာလောက်ပဲရှိတာ အခုက အဲလိုကြည့်ရဲတော့ဘူး တောက်လျှောက် ဗုံးလက်နက်တွေ ကျခဲ့တဲ့အခါ ကျတော့တစ်စီးက ဗုံးကြဲတယ်။ တစ်စီးက စက်သေနတ်နဲ့ကြဲတယ်”

ရွာထဲကို လက်နက်ကြီး ခြောက်ချက်ပစ်တာမှာ ငါးချက်ကပေါက်ကွဲပြီး အသက် ၅ နှစ်၊ ၉ နှစ်၊ ၁၃ နှစ် ၂၆ အရွယ် မောင်နှမလေးဦးနဲ့ ၃၀ အရွယ် မခင်ညိုဆိုတဲ့ အမျိုးသမီးတစ်ယောက်တို့ သေဆုံးခဲ့ရတာလို့ ပြောပါတယ်။

မခင်ညိုရဲ့ ရုပ်အလောင်းကိုသာ သင်္ဂြိုဟ်နိုင်ခဲ့ပေမဲ့ မောင်နှမလေးဦးရဲ့ရုပ်အလောင်းကတော့ လက်နက်ကြီး ကြောင့် အိမ်မီးလောင်ရာမှာအတူပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထဲမှာလည်း ကလေးငယ်တစ်ယောက်ပါဝင်ပြီး တောတောင်တွေထဲမှာ ထွက် ပြေးပုန်းရှောင်ရင်း ဆေးဝါးကောင်းကောင်းမွန်မွန် မကုသနိုင်ဘူးလို့လည်းပြောပါတယ်။

စစ်ကောင်စီတပ်က ရွာအနီးမှာလှုပ်ရှားနေပြီး ဒီနေ့အထိ လက်နက်ကြီးပစ်ခတ်နေဆဲပဲလို့ ဂဟဲရွာက လုံခြုံ ရေးအရ အမည်မဖော်လိုသူ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ညီမတော့ အထင်ပေါ့ ဂဲဟယ်ရွာမှာလေ PDF တွေရှိတယ်ဆိုပြီး လာပစ်သွားတယ်လို့ထင်တယ်။ လာပစ်သွားတာလား တမင်သက်သက် လာချတာလားဆိုတာတော့ မသိဘူးရှင်။ PDF တော့မရှိဘူး။ အရင်က ထီးကျိုင့်ဘက်တွေမှာတော့ ဖြစ်ဖူးတယ်။ အဲမှာ ၇၀ လောက်တော့ ကျတယ်လို့တော့ သိရတယ်။ အဲဒါ သူတို့က အကြောင်းမဲ့ပေါ့လေ၊ အဲမှာမှာ PDF တွေ ရှိတယ်ဆိုပြီးတော့မှ ရမ်းသမ်းပြီးတော့မှပစ်ကြ တာပေါ့လေ၊ အဲဒါ ရွာကိုကျတာပါ လက်နက်ကြီးက။ ဒီနေ့မနက်ထိလည်း ပစ်တုန်းပါ၊ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်။ ရွာထဲမှာတော့ မဟုတ်ဘူး၊ ရွာနဲ့မလှမ်းမကမ်းမှာ ပစ်နေတာပေါ့နော် ဒီနေ့တော့”

ဒါကြောင့်ရွာသားတွေ ဘေးလွတ်ရာပြေးကြပြီး တချို့ကတော့ ရွာထဲက ဘုန်းကြီးကျောင်းမှာ စုပြီး ခိုလှုံနေ ကြရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခြေအနေက ကျွန်မတို့မှာကကျတော့ ဟိုဘက်နန်းတောင်ဘက်ကရွာရော၊ ဒီဘက် ကျော်ရွာဘက် ကရော ဘုန်းကြီးကျောင်းမှာ ခိုလှုံပြီးနေရတယ်ရှင့်။ ဘုန်းကြီးကျောင်းမှာလည်း နေကြတယ်။ တချို့က သူ့အမျိုးကိုယ့်အမျိုးရှိတာဘက်လည်း သွားတာတွေတော့ရှိတယ်ရှင့်။ တော်တော်များများတော့ ဘုန်းကြီး ကျောင်းမှာပဲ စုပြီးနေတာပါရှင့်။ ဘုန်းကြီးကျောင်းမှာ စုနေတယ်ဆိုတာကတော့ ရွာထဲကိုလည်း တစ်ရက် က စစ်သားတွေက လာပြီးတော့မှ အိပ်တာတော့ ဘယ်မှာအိပ်မှန်းတော့ မသိဘူး။ ရွာပြင်ကိုထွက်တော့ သူတို့က သေနတ်တွေဘာတွေဖောက်ပြီး ဗုံးသံတွေ ဘာတွေကြားလို့ ကျွန်မတို့ ရွာသားတွေက ကြောက်လို့ ဘုန်းကြီးကျောင်းကို ခိုလှုံရာအဖြစ်ဝင်သွားကြတယ်ရှင့်”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ဂဟဲရွာနဲ့ ၁၀ မိုင်ဝန်းကျင်အကွာမှာ စစ်ကောင်စီတပ်ကားတွေကို PDF အဖွဲ့က နှစ်နေရာမှာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က နောက်တစ်နေ့မှာ လေကြောင်းအသုံးပြုပြီး ဂဟဲရွာကို တိုက်ခိုက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

military-airstrike.jpg
(ဂဟဲရွာကို စစ်ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်) Photo: CJ

ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်က လေကြောင်းက မကြာ ခဏတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

“ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်တယ်ဆိုတော့ ဖြစ်တာကတော့ ရွာရဲ့အပြင်ဘက်မှာကျတယ်၊ ရွာထဲမှာ မဟုတ်ပါဘူး။ သူတို့ကတော့ ရမ်းကားပြီး‌တော့ ပြန်ပစ်တာပေါ့။ အဲတော့ရွာသားတွေ ထိခိုက်တာဖြစ် ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းအစပ်လို့ ပြောလို့ရမှာပါ။ ကျွန်တော်တို့ တပ်ရင်း ၂၆ နယ်မြေ ဘက်မှာပေါ့နော်။ အဲဘက်က တစ်ခါတလေကျရင်တော့ သူတို့လှုပ်ရှားလာလို့ရှိရင်တော့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေကဖြစ်ပါတယ်။ ဆိုတော့ အဲလိုဖြစ်တဲ့အချိန်မှာ သူတို့က လေကြောင်းကနေပြန်တိုက်တာ ဒါမျိုးတွေရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ စစ်ကိုင်းဘက်မှာ ထိုးစစ်ဆင်းပြီးမှ တိုက်ခိုက်တာတော့ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ နယ်မြေတွေမှာ သူတို့က ဝင်လာလို့ရှိရင်တော့ ကျွန်တော်တို့ ခုခံတိုက်ပွဲတွေဖြစ် တယ်။ အဲချိန်မှာ သူတို့က လေကြောင်းနဲ့ ပြန်ပစ်တာ။ ဒါမျိုးတွေ ခဏခဏ ကျွန်တော်တို့ ကြုံတွေ့ရတာ ဖြစ်တယ်”

လောလောဆယ်မှာလည်း အင်းတော်မြို့နယ်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားနေဆဲဖြစ်သလို စစ်ကိုင်းတိုင်း အထက်ပိုင်း မိုင်း၄၀ ဝန်းကျင်မှာလည်း လေကြောင်းကနေ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေအကြား စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။