မောင်တောမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်အင်အား တိုးချ

2022.07.29
မောင်တောမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်အင်အား တိုးချ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမှာ စစ်သားများ သယ်ဆောင်လာသည့် ဇက်ရေယာဉ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က တပ်သား၊ လက်နက်၊ ရိက္ခာအလုံးအရင်းနဲ့ တိုးချနေတယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ပြောပါတယ်။
 
ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းကနေ လူအင်အားနဲ့ ရိက္ခာတွေကို ဇူလိုင်လ ၂၇ ရက် နေ့ကနေ ဒီနေ့ ၂၉ ရက်နေ့ မနက်ပိုင်းအထိ သုံးရက်ဆက်တိုက် ပို့ဆောင်တာကို မြင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။
 
“ဒီနေ့မနက်ကတော့ ဇက်သင်္ဘောတစ်စင်း ရောက်လာတယ်။ ပြီးတော့ စစ်သားတွေ၊ အထုပ်တွေကို ကုန်တင်ကား ၁၇ စီးနဲ့ ရိက္ခာတွေတင်သွားတာတွေ့ရတယ်။ မနေ့ကလည်း စစ်သား ၅၅ ယောက်တင်တယ်။ ဟိုတစ်နေ့ကလည်း ၉၅ ယောက်တင်တယ်။ သုံးရက် ဆက်တိုက်ရှိပြီ။ ရေချမ်းပြင်ဘက်ကနေ အငူမော်ဆိပ်ကမ်းကိုတက်လာတာပါ။ အဲဒီကနေ မောင်တော ဘူးသီးတောင်ဘက်ကိုသွားတယ်”
 
စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းကနေ စစ်တပ်ဇက်ရေယာဉ်နဲ့ လာရောက် ကြတာဖြစ်ပြီး ဒီနေ့မှာတော့ ဘူးသီးတောင်၊ မောင်တောမြို့နယ်ဘက်ကို ထွက်သွား ကြတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီတပ်က လူအင်အားတွေ ထပ်တိုးပို့ဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
 
အရင်ကတော့ ရခိုင်မှာ စစ်အင်အားတွေ တိုးချတာမရှိဘဲ လုံခြုံရေးဆောင်ရွက်မှုတွေသာရှိတယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့် တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။
 
အဲဒီတိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲအချို့လည်း သေဆုံးခဲ့ပြီး ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးနဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
 
အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အေအေ အဖွဲ့ရဲ့ ရန်စမှုဖြစ် တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆို ထားပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်စစ်ရေး တင်းမာမှုတွေရှိ နေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်၊ မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အပေါ်မှာ မူတည်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကတော့ RFA ကို ပြောဆိုထားပါတယ်။
 
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က ကားလမ်းတွေကို လည်း ပိတ်ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲဖြစ်နေကြသလို အခုလို စစ်အင်အားတွေ တိုးချလာနေတာကြောင့်လည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။