မုံရွာထောင်က အစာငတ်ခံဆန္ဒပြသူတွေ ထောင်တွင်းအရေးယူခံနေရ

RFA Burmese
2023.10.18
မုံရွာထောင်က အစာငတ်ခံဆန္ဒပြသူတွေ ထောင်တွင်းအရေးယူခံနေရ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ရှေ့ကို တွေ့ရစဉ်။
Myanmar Military

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက်ခံစားခွင့် ပိတ်ပင်လိုက်တာ နဲ့ ထောင်တွင်းတရားစွဲဆိုတာတွေ ရှိနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးယူခံနေရတယ်လို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက ကိုလွင်မိုးသန့်က ပြောပါတယ်။

"အစာငတ်ခံဆန္ဒပြခဲ့တဲ့အတွက် ထောင်တွင်းအပြစ်ဒဏ်ကို လျှော့ရက် တစ်နှစ်ပိတ်ခံရတဲ့သူ ကိုးဦး ရှိတယ်၊ အစာငတ်ခံဆန္ဒပြနေချိန်မှာ ဘာမှစီစဉ်ဆောင်ရွက်မပေးတဲ့အတွက် ကြွေးကြော်သံတိုင်ပြီး ဆန္ဒထုတ်ဖော်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၇ နဲ့ အမှုဖွင့်ခံရတဲ့သူက ၁၇ ဦးရှိတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်တာ"

ကိုဝေမိုးနိုင်အပါအဝင် ကိုဖုန်းမြင့်အောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်ငြိမ်းထက်၊ ကိုနေသန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ၊ ကိုကျော်စိုးအေးနဲ့ ကိုအောင်သူဟိန်း တို့ ကိုးဦးကို လျှော့ရက်တစ်နှစ် ပိတ်လိုက်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ် နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၇ နဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို အမှုဖွင့်ထားတယ်လို့ ကိုလွင်မိုးသန့်က ပြောပါတယ်။ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၆ ဦး ထောင်တွင်း အရေးယူခံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် မုံရွာအကျဉ်းထောင်က ထောင်ပိုင် ဦးဝင်းမင်းလတ်အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ငါးဦးကို ရာထူးကထုတ်ပယ်ခဲ့ပြီး တပ်ကြပ် လေးဦးကို ရာထူးကနေ ခြောက်လ တစ်ဆင့်လျော့လိုက်တယ်လို့လည်း ဆိုပါတယ်။

ဒီလိုအရေးယူလိုက်တာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး ဒီကိစ္စအပေါ် လတ်တလော အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က မုံရွာအကျဉ်းထောင်မှာ ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပစ္စည်းတွေ သိမ်းယူသွားတာကြောင့် အဲဒီနေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြခဲ့ရာကနေ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ အထိပါဝင်ခဲ့ပါတယ်။

ထောင်တွင်း ဆန္ဒပြသူတွေက … သိမ်းဆည်းခံလိုက်ရတဲ့ အကျဉ်းသားပိုင်ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေကို ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုဖို့နဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် အပြည့်အ၀တာဝန်ယူဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့တာပါ။

ဆန္ဒပြမှုစတင်ပြီး ခြောက်ရက်အကြာမှာတော့ တောင်းဆိုချက်တွေကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောဖို့ သဘောတူတဲ့အတွက် အစာငတ်ခံဆန္ဒပြမှုကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

အခု တစ်လကျော်အကြာမှာ အစာငတ်ခံဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရေးယူတာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနစ် အောက်တိုဘာလ ၁၈ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၂၅,၃၁၂ ဦးရှိပြီး အဲဒီထဲမှာ ၁၉,၅၉၃ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။