မုံရွာမြို့က စစ်ဆေးရေးဂိတ်တွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးနေကြောင်း ဒေသခံတွေကို သတိပေး
2025.01.28
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က အသက် ၁၆ နှစ်ကနေ အသက် ၄၅ နှစ်အတွင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာကြောင့် မုံရွာမြို့နယ်က လမ်းတွေမှာ ဖြတ်သန်းမသွားလာကြဖို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မုံရွာမြို့ပေါ်ရပ်ကွက်က သူတွေအနေနဲ့ လ.ဝ.က ရုံးဟောင်းဂိတ်၊ ရေဦးဆန်ဆိုင်ဂိတ်၊ နယူးဒေးဆီဆိုင်ဂိတ်၊ က.ည.န ရုံးဂိတ်၊ မအူဂိတ်၊ စွမ်းရည်ထက်ဂိတ်၊ တောပုပျူရွာ အရှေ့ဘက်အမြန်လမ်းကြောနဲ့ ညောင်ပင်သာဂိတ်တို့ကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ဇန်နဝါရီလ ၂၈ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မရိုက်နှက်ဖမ်းဆီးတာတွေကို နေ့တိုင်းလုပ်နေတာကြောင့် သတိထားကြဖို့ ထုတ်ပြန်တာလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက တာဝန်ခံ ကိုစွမ်းလင်းထက်က ပြောပါတယ်။
“စစ်တပ်ကလူမရှိလို့ဖမ်းနေတာပါ။ တိုက်ပွဲဖြစ်လို့ မိလိုက်ရင် အောက်ပိုင်းဘက်ကလာတဲ့ ပေါ်တာဆွဲခံရတဲ့စစ်သားပေါက်စလေးတွေ။ သူတို့လူမရှိတာသိနေတာမို့ ကိုယ်သွားရင် ကိုယ်ပဲခံရမှာပါ။ လူအင်အား အရမ်းလိုအပ်နေလို့ ပေါ်တာဆွဲနေတာပါ။ ကိုယ့်ပြည်သူအချင်းချင်း မထိခိုက်စေချင်လို့ပါ”
စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး မုံရွာမြို့တွင်းမှာပဲ ဖမ်းဆီးနေတဲ့အပြင် တစ်နေ့ကို လူငယ်ငါးဆယ်ဝန်းကျင် ဖမ်းဆီးခံနေရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဧည့်စာရင်းအကြောင်းပြပြီးဖမ်းတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေစစ်၊ လိုင်စင်တွေစစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းပြီး စစ်သင်တန်းပို့တာတွေ အတင်းအကျပ်လုပ်နေပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ကို နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်လိုက်ပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ပြီးဖမ်းတဲ့ဖြစ်ရပ်ပေါင်း တစ်ထောင့်တစ်ရာကျော်ရှိခဲ့ပြီး ဖမ်းဆီးခံရသူ နှစ်သောင်းကျော် (၂၂,၇၆၅ ဦး) ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းအစိုးရပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်နဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေပါဘူး။