နမခ ဌာနချုပ်ကို ရော့ကတ်နဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကြောင်း CRB ပြော

RFA Burmese
2025.01.17
နမခ ဌာနချုပ်ကို ရော့ကတ်နဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကြောင်း CRB ပြော ရှော့တိုက်ရှော့ကတ် ပစ်ခတ်ရန် ပြင်ဆင်နေသည့် Chindwin Rocket Brother – CRB တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Facebook / Chindwin Rocket Brother – CRB

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ရော့ကတ်နဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်တိုင်းမှူး ကိုယ်ရေးအရာရှိဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brother – CRB) က ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်တယ်။

ကိုးကန့်တပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှာ နမခ ကို ပြောင်း‌ရွှေ့လာတဲ့ စစ်တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို ကြိုဆိုတဲ့ စစ်ဆင်ရေးအဖြစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ CRB က RFA ကို အတည်ပြုပါတယ်။

ဒီတိုက်ခိုက်မှုကို တစ်လကျော်ပြင်ဆင်ခဲ့ပြီး ၁၅ ဦးသေဆုံးတယ်လို့လည်း CRB က RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်တိုင်းမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆင်မြင့် ဆက်သွယ်ရေးတပ်ရင်း - ၁၂ က ဗိုလ်ကြီးတစ်ဦးအပါဝင် တပ်သားခြောက်ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

နမခ ထဲက စစ်တိုင်းမှူးရုံး၊ အိမ်ရာဝင်းအတွင်းရှိ အရာရှိနေအိမ်တွေ၊ ငွေစာရင်းရုံး၊ စစ်ရေးပြကွင်း၊ ဆေးတပ်ရင်းအဆောင်အပါအဝင် နေရာတော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နမခ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီတိုက်ခိုက်မှုကို CRB ဦးဆောင်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ)၊ Advance – 47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ် စတဲ့အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း နမခ ကို ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက ၁ဝ၇ မမ ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။