မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လူမဆန်စွာ နှိပ်စက်ခံနေရ

RFA Burmese
2023.12.15
မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လူမဆန်စွာ နှိပ်စက်ခံနေရ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ရှေ့ကို တွေ့ရစဉ်။
Myanmar Military

စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိတွေက  ညှဉ်းပန်းနှိပ်စက်နေတယ်လို့  မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မုံရွာထောင် တာဝန်ခံအရာရှိ ဇော်မြင့်ဦးနဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းတို့ နှစ်ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုအပြင် ရိုက်နှက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ထောင်ဝင်စာလက်ခံဌာနမှာ မိသားစုဝင်တွေ ထောင်ဝင်စာပို့ရာမှာလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်နေတာတွေကို ရပ်တန့်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပါဝင်ကူညီဖို့ လိုအပ်နေပြီလို့ အကျဉ်းသားမိသားစုတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

“ICRC လိုအဖွဲ့တွေအနေနဲ့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေအတွက် အားစိုက်ထုတ်စေချင်တယ်။ သူတို့တွေက တရားဝင် ပြောခွင့်ရှိသူတွေပါ” လို့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာကူညီ ပို့ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေအပေါ် အခုလို ညှဉ်းပန်းနှိပ်စက်တာတွေ ချက်ချင်းရပ်တန့်ပြီး တောင်းပန်‌ပေးဖို့နဲ့ ဒီညှဉ်းပန်းနှိပ်စက်မှုတွေကို  မှတ်တမ်းတင်ထားပြီး တော်လှန်ရေးအပြီးမှာ ဥပဒေနဲ့အညီ တရားစွဲ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ အစာငတ်ခံဆန္ဒပြတာကို ညှိနှိုင်းအပြီး ထောင်အရာရှိတွေကို ရာထူးက ဖယ်ရှားလိုက်ပြီးနောက် အသစ်ခန့်အပ်လိုက်တဲ့ ထောင်အရာရှိတွေက အခုလို ညှဉ်းပန်းနှိပ်စက်နေတာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းနှစ်သောင်းနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၈,၃၃၅ ဦး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။